13 Aug 2012

သခင်စိတ်ဓါတ်၊ သခင်အကျင့် (၁)


သခင်ဆိုသည်မှာ  
သခင်ဆိုသည်မှာ လူတိုင်းလူတိုင်း၏ အခွင့်အရေးကို ပိုင်ဆိုင်ရန်အတွက် ဆောင်ရွက် လုပ်ကိုင်သူများနှင့် လူတိုင်းလူတိုင်းတို့၏ လူတန်းစေ့နေရေးထိုင်ရေးတို့ကို ကြံစည်အားထုတ်သူတိုင်း သခင်ဟုခေါ်သည်။ လူတိုင်းလူတိုင်း အခွင့်အရေးတူညီသည့် သခင်ဖြစ်ရန်လိုသည်။

ဗမာ့စိတ်ထား
မှတ်မိပါသေးသည်။ လတခြမ်းပဲ့ကလေးသည် အနောက်ဘက်ကောင်းကင်ပြင်ဝယ် ရှိနေကာ တောင်ကုန်းကလေးများဆီဝယ် လျှပ်စီးရောင်များ ၀င်းကနဲ ၀င်းကနဲ လက်နေသည်။ လယ်ကွင်းပြင်များ ထက်ဝယ် ဘော်သာခွာငွေအဆင်းကဲ့သို့ ဖြူဖွေးနေသော နှင်းမှုံများက အုံ့မှိုင်းလျက် ရှိနေသည်။

ကျွန်ုပ်တို့နှင့် (ကျွန်ုပ်တို့ဆိုသည်မှာ အင်္ဂလိပ်အရာရှိ စာရေးသူ H Fielding Hall ဖြစ်သည်။) ရှေ့တည့်တည့်တွင် ချောင်းငယ်ဆိုရှိလျက် ဟိုဘက်ကမ်းတွင်မူ တောင်တန်းကြီးတခုက ရေနှင့်နီးကပ်စွာ တည်ရှိနေသည်။ ထိုတောင်တန်းကြီးအနီးတွင် သစ်တောများရှိပြီး တောင်ထိပ်အနီးတ၀ိုက်တွင် ကောင်းကင်ပြင်နှင့်ဟပ်၍ ငွေဖြူရောင်တောက်နေလေသည်။ ထိုနေရာမှာ ကျွန်ုပ်တို့နေရာနှင့် ဝေးကွာ၍ မြန်မာတို့၏ မီးကျိုးမောင်းပျက်သေနတ်တို့ဖြင့် ပစ်ခတ်သော်လည်း မရောက်နိုင်ချေ။ ကျွန်ုပ်တို့စခန်း တဖက်တချက်တွင် လယ်ကွင်းပြင်များရှိပြီး ထိုလယ်ကွင်းပြင်ကျယ်ကြီး အဆုံးတွင် သစ်တောကြီးများကို ညှို့ညှို့မှိုင်းမှိုင်းမြင်နေရလေသည်။ ကျွန်ုပ်တို့သည် ကောလင်းမြို့စားသား (ကျွန်ုပ်တို့ လားခါးရွာသွားစဉ်က လမ်းပြ)နှင့် နောင်ရေးကိစ္စများကို ပြောဆိုတိုင်ပင်နေသည်။ စကားထဲတွင် လားခါးရွာတွင် ရောက်ရှိနေသော ၀န်းသိုစော်ဘွား၏ နောက်လိုက်များက သူ့ ( ကောလင်းမြို့စား၏သား) အား အလွန်မုန်းတီး၍ ဆဲဆိုခဲ့ကြပုံကို ပြန်ပြောပြနေရာ သူကလည်း ထိုအတိုင်းအမုန်းခံနေရကြောင်း ၀န်ခံလေသည်။

ကျွန်ုပ်မိတ်ဆွေတွေကလွဲရင် အားလုံးက ကျွန်ုပ်ကို မုန်းကြတာပဲ။ ကျွန်ုပ်ဘာတွေလုပ်ခဲ့လို့လဲ။ ကျွန်ုပ်က ကျွန်ုပ်အဖေ သူ့ရာထူး သူပြန်ရအောင် ကူညီခဲ့တာပဲ။ ကျွန်ုပ်တို့ကို သူတို့ကစပြီး တိုက်တယ်ဆိုတဲ့ အကြောင်းတော့ သူတို့မေ့ကုန်ပြီလေဟု သူကပြောလေသည်။ သူကဆက်၍ ခင်ဗျားတို့နှင့် ပေါင်းမိတာကြောင့် အသတ်ခံရမှာပဲ။ တနေ့တချိန်တော့ ကျုပ်ကို သူတို့က သတ်တော့မှာပဲဟု ဆိုလေသည်။

ကျွန်ုပ်တို့သည် ဤသို့ဖြင့် အချိန်ကြာမြင့်စွာ စကားပြောနေကြသည်။ လဆုတ်ရက်ဖြစ်၍ အနီးမီးဖိုမှ မီးရောင်ဖြင့် ဤသို့စကားပြော၍ အားရသောအခါ ကျွန်ုပ်တို့သည် အိပ်ရာသို့ ၀င်တော့မည်အပြုတွင် ချောင်းတဘက်ကမ်းမှ ကျွန်ုပ်တို့ဘက်ဆီသို့ လှမ်းအော်ပြောသံကြားရသည်။ ထိုအသံမှာ
ကောင်းကောင်းအိပ်ထားလိုက်၊ ထမင်းကောင်းကောင်း စားထားလိုက်ဦးကွယ့်နော် သိပ်မကြာတော့ဘူး....
ကျွန်ုပ်တို့အားလုံး အံ့သြစွာဖြင့် မတ်တပ်ရပ်လိုက်ကြသည်။ မြန်မာလို နားမလည်သူတို့မှာ ဘာပြောမှန်းမသိ၍ အလွန်အံ့သြစွာ နားထောင်နေကြသည်။ စန္ဒရီအစောင့်တို့က အကင်းပါးစွာဖြင့် ခေါင်းပြူကာ နားစွင့်လျက်ရှိနေလေသည်။ နောက်တခါ ထပ်အော်ပြန်သည်။
ကောင်းကောင်းအိပ်ထားလိုက်၊ ထမင်းကောင်းကောင်း စားထားလိုက်ဦးကွယ့်နော် သိပ်မကြာတော့ဘူး....
ခဏကြာသောအခါ ကောလင်းမြို့စား၏သားအမည်ကိုခေါ်၍ ' သစ္စာဖောက်၊ သစ္စာဖောက် ဟု သံကုန်အော်ဟစ်၍ တောင်ကုန်းတ၀ိုက်တွင် ပဲ့တင်သံများထပ်သွားသည်။ ထိုအော်ဟစ်သော မြန်မာများလည်း အဝေးသို့ထွက်သွားတော့သည်။

' ဗမာ့စိတ်ထား '
မိုးနတ်သျှင် ( မြန်မာပြန် )
The Soul of A People by H Fielding Hall မှ

သမိုင်းနောက်ခံအကျဉ်း

၁၈၈၅ခုနှစ်၊ နိုဝင်္ဘာ ၂၉မှာ သီပေါမင်းကို အလွယ်တကူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့နောက် မြန်မာတပြညလုံး ကျွန်ဖြစ်ခဲ့ကြရတော့တာပါပဲ။ အဲဒီနောက် ခဏတဖြုတ် ငြိမ်သက်နေကြပြီး မြန်မာပြည်အနှံ့အပြားမှာ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေး ထကြွလှုပ်ရှားမှုတွေ ဖြစ်ကြပါတယ်။ အဲဒီထဲမှာ ၀န်းသိုစော်ဘွားလည်း အပါအ၀င်ပါ။ ၀န်းသိုစော်ဘွားက ကောလင်းမြို့စားကို ဖြုတ်ချခဲ့ဖူးတာမို့ အဲဒီကောလင်းမြို့စားရဲ့သားက မာစတာအသစ် အင်္ဂလိပ်နဲ့ပေါင်းပါတယ်။ သူ့အဆိုအရ သူ့အဖေကို မြို့စားပြန်ဖြစ်အောင်လုပ်တာပါတဲ့။

ကျနော်တို့တွေရဲ့ စိတ်ဓါတ်ပုံပြင်လေးက အဲဒီကတည်းက စခဲ့တာပါ။ အင်္ဂလိပ်အုပ်ချုပ်သူတွေက သူတို့ထက် နိမ့်ကျတဲ့သူတွေလိုကြည့်၊ ကိုယ့်ကိုယ်ကိုကျ မာစတာရယ်လို့ သဘောထားကြပါတယ်။ ကောလင်းမြို့စားရဲ့သားလို ကိုယ့်နယ်ပယ်ကျဉ်းကျဉ်းလေးမှာ မာစတာပေါက်စဖြစ်ချင်သူတွေက မာစတာကြီးတွေကို ပြေးကပ်ပြီး ကျွန်ခံကြပြန်ပါတယ်။ ဒီလိုနဲ့ ကျွန်စိတ်ဝင်လာတဲ့ လူတွေရယ်လို့ ပေါ်လာရပါလေရော။

အဲဒီလိုမဟုတ်ပဲ ငါတို့သာအရှင်သခင်လို့ ကိုယ့်ကိုယ်ကိုယူဆတဲ့သူတွေကတော့ ကိုယ့်မှာ မီးကျိုးမောင်းပျက်သေနတ်ပဲရှိစေဦး၊ ငြိမ်မနေကြပဲ မာစတာနဲ့ ကျွန်ပါးဝမာစတာပေါက်စလေးတွေကို ကောင်းကောင်းအိပ်ထား၊ ကောင်းကောင်းစားထား လို့ကြိမ်းဝါးလိုက်ကြတာကိုး။ အဲဒီလို သခင်စိတ်ရှိသူတွေလည်း ပေါ်ထွန်းလာပါတော့တယ်။ ဒါပေမယ့် မြန်မာတွေရဲ့ပုန်ကန်မှုဟာ ဆယ်စုတစုထက် ပိုမကြာနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ အုပ်ချုပ်သူအင်္ဂလိပ်တွေကို သခင်ကြီးလို့ ခေါ်ရတဲ့ဘ၀ ရောက်ပါလေရော။ အင်္ဂလိပ်လိုတော့ မာစတာဆိုပါတော့။

အဲသလို အဖြေအနေကနေ မြန်မာတွေစပြီး လူးလွန့်ခဲ့ရတာကတော့ ဘာသာရေးအဖွဲ့အစည်းတွေ အနေနဲ့ပါပဲ။ ဟိုတဖွဲ့ ဒီတဖွဲ့ ဖြစ်နေရာကနေ ၁၉၀၆ခုနှစ်ရောက်တော့ ၀ိုင်အမ်ဘီအေလို့ အင်္ဂလိပ်လို အတိုကောက်ခေါ်တဲ့ ဗုဒ္ဓကလျာဏယုဝအသင်း တသင်းကို စထူထောင်ဖြစ်ကြပါတယ်။ ပိုပြီးကျယ်ပြန့်အောင် မြို့နယ်တိုင်းမှာ အသင်းခွဲထူထောင်ဖို့ ဆုံးဖြတ်ပြီး ၁၉၁၀ ရောက်တော့ အဖွဲ့ချုပ်ကြီးတခုအဖြစ် ဖွဲ့လို့ရလာပါတယ်။ အဲဒီလိုနဲ့ နှစ်စဉ်နှစ်တိုင်းလို ကွန်ဖရင့်အစည်းအဝေး ကျင်းပနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အစည်းအဝေး အဖွင့်အပိတ်တိုင်းမှာ ဘုရင်မင်းမြတ်အား ဘုရားသခင် ကြည့်ရှုတော်မူပါလော့ ( God Save The King ) ဆိုတဲ့ အင်္ဂလိပ်အမျိုးသားသီချင်းကို ဆိုကြရတာပါ။

တို့ဗမာ သခင်သီချင်းရှိသလို ကျွန်သီချင်းလည်းရှိတယ်။ အဲဒါ God Save The King ဆိုတဲ့သီချင်းပဲ။ ကျောင်းတွေမှာ ကျောင်းတက်ရင် အဲဒီသီချင်းဆိုရတယ်။ အခမ်းအနားတွေမှာ အဖွင့်အပိတ် အဲဒီသီချင်းဆိုရတယ်။ တကယ်တော့ ကျွန်စိတ်ဝင်အောင် လုပ်ထားတာပဲလို့ ၀ါးခယ်မသခင်သိန်းဖေက သူတို့ငယ်ငယ်ဘ၀ကို ပြန်ပြောင်းပြောပြပါတယ်။

ငါတို့၏သခင် ဘုရင်မင်းမြတ်

ုမြန်မာလူမျိုးတွေရဲ့ သဘောထားက ကိုယ့်ဘုရင်မင်းမြတ်တောင် ရန်သူမျိုးငါးပါးစာရင်းထဲ သွင်းထားကြတာ မဟုတ်လား။ အဲဒါကို ငါတို့၏သခင် ဘုရင်မင်းမြတ်ဆိုပြီး ဘုရင်မင်းမြတ်အတွက် မြန်မာတွေကို ဆုတောင်းခိုင်းကြတာကိုး။ ရုပ်ရှင်တွေပေါ်လာတော့ ရုပ်ရှင်ရုံတွေမှာလည်း ဒီသီချင်းလာရင် မတ်တပ်ရပ်ရပါသတဲ့။ အဲဒီသီချင်းစာသားတွေက ဒီလိုပါ။

ဘုရားသခင်သည် ကျေှးဇူးကြီးမားတော်မူသော ငါ၏ဘုရင်မင်းမြတ်ကို မစပါစေသတည်း။ မြင့်မြတ်သော စိတ်နှလုံးတို့နှင့်ပြည့်စုံတော်မူသော ငါတို့၏သခင် ဘုရင်မင်းမြတ်သည် သက်တော်ရာကျော် ရှည်မြင့်တော်မူပါစေသတည်း။

ဘုရားသခင်သည် ငါတို့၏သခင် ဘုရင်မင်းမြတ်အား ခပ်သိမ်းသော အောင်ပွဲတို့ကို ခံပါစေသတည်း။

ဘုရားသခင်သည် ငါတို့သခင် ဘုရင်မင်းမြတ်အား ဘုန်းတန်ခိုးတေဇော် ကျက်သရေတော် အပေါင်းတို့နှင့် ကောင်းကောင်းကြီး ပြည့်စုံပါစေသတည်း။

ငါတို့များစွာ သတ္တ၀ါအ၀ှန်းတို့ အဓွန့်ရှည်စွာ စောင့်ရှောက်အုပ်စိုးနိုင်ပါစေသတည်း။

အို ဘုရားသခင်၊ ဘုရင်မင်းမြတ်အား သနားသမှု ကြည့်ရှုမစတော်မူပါလော့။"

သီချင်းထဲမှာ ဘုရားသခင်ကို ဆုတောင်းဟန်နဲ့ ဘုရင်မင်းမြတ်ရှေ့မှာ နာမ၀ိသေသနတွေ ထည့်သွားလိုက်တာ ကျေးဇူးကြီးမားတော်မူသောတဲ့။

ုမြန်မာ့ယဉ်ကျေးမှုမှာ ကျေးဇူးတရားနဲ့ပက်သက်လာရင် အနန္တော အနန္တ ငါးပါးဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာပဲ ဦးထိပ်ထားလေ့ရှိပါတယ်။ ဘုရင်မင်းမြတ်မပါပါဘူး။ ဒါပေမယ့် သီချင်းစာသားထဲမှာ အင်္ဂလိပ်အုပ်စိုးသူ မာစတာတွေဟာ အမိအဖနေရာက တန်းညှိလာကြပါတယ်။ ငါတို့ကျေးဇူးတရားလို့ တယ်ကျူးရင့်ချင်လာပြီး ပြည်သူလူထုကိုလည်း အဲဒီသီချင်းကို နားထောင်ခိုင်း၊ ဆိုခိုင်းလို့ရတဲ့နေရာမှာ လိုက်ဆိုခိုင်း လုပ်ကြတာဟာဖြင့် မြန်မာပြည်သူလူထုကို ထင်သလိုစော်ကားတာပါပဲ။ အဲဒီကျေးဇူးဆိုတဲ့ နာမ၀ိသေသနအပြင် မြင့်မြတ်သော စိတ်နှလုံးနှင့် ပြည့်စုံတော်မူသောတဲ့၊ ငါတို့၏သခင်' တဲ့။ မသိမသာထည့်သွားတာ သုံးကြိမ်သုံးခါ တွေ့ရပါတယ်။ အဲဒါကျနော်တို့တတွေကို ' ငါတို့၏သခင် ဘုရင်မင်းမြတ်သာ မိဘ၊ ဘုရင်မင်းမြတ်သာ ဆရာ၊ ဘုရင်မင်းမြတ်သာ သခင်လူထုစိတ်ထဲ စွဲဝင်သွားစေချင်တာကိုး။ သူတို့က လူထုကို အဲသလို ကျွန်ဇာတ်သွင်း၊ အနန္တော၊ အနန္တငါးပါးနေရာမှာဝင်၊ ခြေတင်ချင်ကြတာပါ။

ကျွန်အဖြစ်မခံသော ပထမကျောင်းသားသပိတ်သို့

မာစတာတွေဟာ နည်းပေါင်းစုံနဲ့ ကျွန်ဇာတ်သွင်းလိုက်ကြတာ ၀ိုင်အမ်ဘီအေအသင်းကြီးရဲ့ ကွန်ဖရင့်တွေမှာ ဂျော့ဘုရင်နဲ့ မေရီမိဘုရားကြီးတို့ သက်တော်ရာကျော်ရှည်ပါစေ၊ ဘုရားသခင်က စောင့်ရှောက်ပါစေရယ်လို့ ဆုတောင်းမေတ္တာ ပို့ခဲ့ကြရသေးတာကလား။ စတုတ္ထအကြိမ် ဟင်္သာတကွန်ဖရင့်မှာလည်း ဂျော့ဘုရင်နဲ့ မြန်မာပြည်ဘုရင်ခံကို ကျေးဇူးသစ္စာစောင့်သိ ရိုသေပါကြောင်း အစည်းအဝေးမှာ ထည့်ပြောရပါသေးသတဲ့။ ဆဋ္ဌမအကြိမ် မော်လမြိုင်ကွန်ဖရင့်မှာ ပုဏ္ဏားသုံးယောက်က ဂျော့ဘုရင်ကို မေတ္တာရေစင်လောင်း၊ ဆုမွန်ကောင်းတွေလည်း တောင်းကြသေးသတဲ့။ ဒါ့အပြင် အင်္ဂလိပ်အုပ်ချုပ်ရေးအောက်မှာ အေးအေးချမ်းချမ်းနေကြရလို့ အုပ်ချုပ်သူမာစတာမင်းတွေကို ကျေးဇူးဥပကာရတင်ကြောင်း စကားဆိုခဲ့ကြသေးတယ်လို့ ဆိုသကိုး။

မာစတာတွေက ကျွန်ဇာတ်သွင်းသလို ကျနော်တို့ထဲကလူတွေကလည်း မျက်နှာလိုအားရနဲ့ ကျွန်ဇာတ်ကသူတွေက ကကြသေးတာဆိုတော့ ရာဇ၀င်ရိုင်းခဲ့ရတယ်လို့ ရှက်ရှက်နဲ့ဝန်ခံရမှာပါ။ ဒါပေမယ့် ၀ိုင်အမ်ဘီအေအသင်းကြီးဟာ နိုင်ငံအကျိုးပြုလုပ်ငန်းတွေလည်း လုပ်ခဲ့တာ ငြင်းလို့မရပါဘူး။

အဲဒီတုန်းက အစိုးရရုံးတွေက လူထုကိုဆင့်ဆိုတဲ့စာတွေထုတ်ရင် မောင်မင်း၊ မယ်မင်း နာခံရမည် ဆိုတဲ့ အသုံးအနှုန်းမျိုး သုံးနှုန်းထားတာကလား။ လူနာမည်ကိုလည်း ငဖြူ၊ ငမဲ စသဖြင့် ' ထည့်ပြီး နှိမ်ခေါ်တာပါ။ တောင်သူလယ်သမားခေါင်းဆောင် ဆရာစံအမှုတုန်းကဆိုရင်လည်း အဲဒီအခေါ်အဝေါ် ပြသနာ ကြုံခဲ့ပါသေးတယ်။

အဲဒီအခါက ဆရာစံဘက်က လိုက်ပါဆောင်ရွတ်တဲ့ ရှေ့နေတွေက ဒေါက်တာဘမော်၊ သခင်မြ၊ သခင်စိန်တို့ပါ။ အမှုစစ်ကတော့ ' ဆရာစံ လို့ပဲ ဆရာစံကို ခေါ်ကြပါတယ်။ ငစံလို့ မခေါ်ရကောင်းလားဆိုပြီး တရာသူကြီးဦးဘဦးက မကျေမနပ်ဖြစ်ပါသတဲ့။ ဒါကြောင့် ' ဒီမှာ သခင်ဘသောင်းရဲ့၊ ကျုပ်တို့ မြန်မာတွေကိုက မကောင်းတာဗျ လို့ ဒေါက်တာဘမော်က သခင်ဘသောင်းကို ပြောဖူးပါသတဲ့။

အဲလိုဈေးဖျက်မြန်မာတွေကလည်း ရှိသေးတာကိုး။ သခင်သီချင်းထဲမှာ ' ဈေးဖျက်မြန်မာဆိုတာ ကိုယ့်အသားကလောက်ပင်၊ မိုက်ကြေးသာခွဲချင်၊ ဒါမျိုးတော့ ခေါင်းဆောင်မတင်' လို့ ရေးဖွဲ့ ဆိုခဲ့ပါသေးတယ်။

ဒီလို ရင့်သီးတဲ့ အသုံးအနှုန်းတွေကို ၀ိုင်အမ်ဘီအေအသင်းကြီးက ကန့်ကွက်ပါတယ်။ အင်္ဂလိပ်၊ မြန်မာ၊ ဥရောပသားရယ်လို့ မခွဲခြားပဲ ပညာရေးဥပေး တမျိုးတည်းရှိသင့်တယ်လို့လည်း တောင်းဆိုခဲ့ပါတယ်။အဲဒီတုန်းက မြန်မာကျောင်းသားတွေ ကျောင်းခန်းထဲဝင်ရင် ဘွတ်ဖိနပ်စီးရတာ၊ မြန်မာဖိနပ်စီးခွင့်ပြုဖို့လည်း ၀ိုင်အမ်ဘီအေက တောင်းဆိုခဲ့ပါတယ်။ စီးပွားရေးအားဖြင့်ဆိုရင် လယ်ယာတွေကို နိုင်ငံခြားသားကို ပိုင်ဆိုင်ခွင့်မပေးဖို့၊ ဆန်ဈေးကို မကန့်သတ်ဖို့၊ ဆန်ရောင်းလို့ရတဲ့အမြတ်ကို မြန်မာနိုင်ငံမှာပဲသုံးစွဲဖို့ အဆိုပြုခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေးအားဖြင့်ဆိုရင်တော့ ဘာတောင်းဆိုချက်မှ မတောင်းဆိုနိုင်ခဲ့သလောက်ပါပဲ။

အုပ်ချုပ်သူရဲ့ အင်ပါယာကိုစိမ်ခေါ်ပြီး တနိုင်ငံလုံး ထကြွနိုးကြားလာစေခဲ့တာတော့ ပထမကျောင်းသားသပိတ်ပဲ ဖြစ်ပါတယ်။

လူတိုင်းခေါင်းဆောင်

၁၉၂၀ မတိုင်မီက မြန်မာပြည်မှာ တက္ကသိုလ်ရယ်လို့ မရှိသေးပါဘူး။ ရန်ကုန်တက္ကသိုလ်နဲ့ ယုဒသန်ကောလိပ်ပဲ ရှိတာပါ။ အဲဒီတော့ ၀ိုင်အမ်ဘီအေခေါ်တဲ့ ဗုဒ္ဓကလျာဏယုဝအသင်းက မြန်မာပြည်မှာ တက္ကသိုလ်သီးခြားရှိရမယ်ဆိုပြီး ကြွေးကြော်တိုက်တွန်းပါတယ်။ ဒါကြောင့် ပညာမင်းကြီး မစ္စတာမက်သယူးဟန်တား ဦးစီးလို့ တက္ကသိုလ်အက်ဥပဒေရေးဆွဲဖို့ ကော်မတီတရပ်ကို ၁၉၁၈ ဇွန်လမှာ ဖွဲ့စည်းပြီး၊ ၁၉၂၀ မှာတင်သွင်း၊ ဒီဇင်္ဘာ ၃ရက်နေ့မှာ ကောလိပ်ကျောင်းသားကြီး ၁၁ဦးဟာ ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့် ဗောဓိပင်အနီးမှာ ဒီဥပဒေကို လျှို့ဝှက်ဆွေးနွေးကြပြီး သပိတ်မှောက်ဖို့ ဆုံးဖြတ်ကြပါတယ်။ ကောလိပ်ကျောင်းသားတွေလည်း သပိတ်မှောက်ရော တပြည်လုံးက အထက်တန်းကျောင်းသားတွေလည်း သပိတ်ထဲ ပါလာကြပါတယ်။ မန္တလေးမှာ သပိတ်မှောက်ကျောင်းသားတွေ မြို့ထဲလှည့်လည်ကြတော့ ရာဇ၀တ်ဝန်မက်ဒေါ်နယ်နဲ့ တွေ့ကြပါလေရော။

' ကျောင်းသားခေါင်းဆောင်ဘယ်သူလဲ ' လို့ရာဇ၀တ်ဝန်က အင်္ဂလိပ်လိုမေးပါတယ်။ ဒီတော့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ သခင်ဘသောင်းဖြစ်လာမယ့် မောင်ဘသောင်းက ဒီလိုပြန်ဖြေလိုက်ပါသတဲ့။ ၏"Everybody is the leader of himself” (
လူတိုင်း ကိုယ့်ကိုယ်ကို ခေါင်းဆောင်နေကြတာပဲ။) ဒီစိတ်ဓါတ်ဟာ သခင်စိတ်ဓါတ်ရဲ့ အတွင်းအနှစ်ပဲ ဖြစ်ပါတယ်။ သခင်စိတ်ဓါတ် အလုံးစုံရဲ့ အုတ်မြစ်လည်းဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ မာစတာလို့ထင်ရှာနေတဲ့ ရာဇ၀တ်ဝန် မက်ဒေါ်နယ်လှည့်ပြန်သွားရတဲ့ စကားတခွန်းလည်းဖြစ်ပါတယ်။

လူတိုင်းဟာ ကြောက်စိတ်တွေကို ပယ်ဖျောက်၊ အပြုခံစိတ်တွေကို ဖယ်ရှားပြီး ကျွန်ဘ၀ လွတ်မြောက်ရေးကို လျှောက်လှမ်းရမယ်လို့ တဦးချင်းက ဆုံးဖြတ်ချက်ရှိရှိနဲ့ မိမိကိုယ်ကို ဦးဆောင်ကြမှသာ သခင်ဘ၀နဲ့ နီးစပ်တော့မှာကိုး။ မာစတာ အင်္ဂလိပ်တွေ ဖြစ်စေချင်တဲ့အတိုင်း အမြီးကုပ်နေလို့ကတော့ ကျွန်ဟာ ကျွန်ပဲဖြစ်နေမှာပါ။ ဒါကြောင့် လူတိုင်းဟာ ခေါင်းဆောင်ဖြစ်တယ်လို့ သခင်ဘသောင်းက ပြောတာပါ။ ဒါကြောင့် လူတိုင်းဟာ ကျွန်ဘ၀လွတ်မြောက်ရေးဆီ ကိုယ့်ကိုယ်ကိုမှ ဦးဆောင်မသွားနိုင်လို့ကတော့ ၀ပ်ကျင်းထဲက ဘယ့်နှယ်လွတ်နိုင်ပါ့မလဲ။

အင်္ဂလိပ် ဂျပန်လက်အောက်က မြန်မာပြည်လွတ်လပ်ခဲ့တာ ဒီစိတ်ဓါတ်ကြောင့်ဖြစ်တယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ် မကြောင်မရွံ့ နောက်မတွန့်ဘဲ လုပ်ခဲ့ကြသူတွေ ရှိလို့သာဖြစ်တယ်။ ဒါအရေးကြီးတဲ့ သင်ခန်းစာတရပ်ပါပဲ။

သပိတ်ပြီးတဲ့အခါ မာစတာတွေရဲ့အကြံ

အင်္ဂလိပ်လက်အောက်မှာ အိန္ဒိယနဲ့မြန်မာရယ်လို့ နယ်စပ်ချင်းထိစပ်နေတဲ့ နိုင်ငံနှစ်နိုင်ငံရှိပေမယ့် မြန်မာကိုချန်ပြီး အိန္ဒိယကို အုပ်ချုပ်ရေးတိုးမြှင့်ပေးမယ်လို့ ၁၉၁၇ သြဂုတ် ၂၀မှာ အင်္ဂလိပ်အစိုးရက ကြေငြာပါတယ်။ အိန္ဒိယပြည်ကို ဘယ်လိုအုပ်ချုပ်ရေးမျိုးပေးသင့်သလဲ စုံစမ်းဖို့ အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် မွန်တေဂူကို အိန္ဒိယလွှတ်တော့ မြန်မာတွေလည်း အုပ်ချုပ်ရေးတိုးမြှင့်ပေးဖို့ တောင်းဆိုရအောင် ၀ိုင်အမ်ဘီအေက ကိုယ်စားလှယ်တဖွဲ့ စေလွှတ်လိုက်ပါတယ်။ ဒါပေမယ့် မွန်တေဂူအစီရင်ခံစာ ထွက်လာတော့ မြန်မာနိုင်ငံက နိုင်ငံရေးနိုးကြားမှုမရှိသေးလို့ အုပ်ချုပ်ရေးအဆင့်တိုးမြှင့်ပေးဖို့ စောပါသေးတယ်တဲ့။ ဒါနဲ့ ၁၉၁၉မှာတကြိမ်၊ ၁၉၂၀မှာတကြိမ် ( ဖေ၊ပု၊ရှိန်နဲ့ဖေ၊ပု၊သိန်း ) ကိုယ်စားလှယ်နှစ်ဖွဲ့ သွားအရေးဆိုပေမယ့် အင်္ဂလိပ်အစိုးရက စိတ်မ၀င်စားလှပါဘူး။

ဒါပေမယ့် ၁၉၂၀ ဒီဇင်္ဘာလမှာ ပထမကျောင်းသားသပိတ်ကြီးပေါ်လာပြီး တနိုင်ငံလုံးမှာ အမျိုးသားကျောင်းတွေပေါ်လာ၊ ဂျီစီဘီအေအသင်းကြီးရဲ့ နမ၀အကြိမ်မြောက် ကွန်ဖရင့်ကလည်း ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုလာတယ်ဆိုတော့ အင်္ဂလိပ်တွေ မနေသာတော့ပါဘူး။ ( G.C.B.A ရဲ့အရှည်က General Council of Buddhist Association ပါ။ ၁၉၂၀ အဋ္ဌမအကြိမ်မြောက် ကွန်ဖရင့်မှာ ၀ိုင်အမ်ဘီအေကို ဂျီစီဘီအေအဖြစ် ပြောင်းလဲခဲ့တာပါ။ )
ဒါနဲ့ မြန်မာကို အုပ်ချုပ်ရေးတိုးမြှင့်ပေးဖို့ လေ့လာရအောင်ဆိုပြီး ဆာအေဖရိုက်ဒရစ်ဝှိုက် ဦးစီးတဲ့ ကော်မတီတခုကို ၁၉၂၁ခုနှစ်မှာ မြန်မာနိုင်ငံကို စေလွှတ်လိုက်ပါတယ်။ အဲဒီကောင်မတီကို ၀ှိုက်ကော်မတီရယ်လို့ သမိုင်းမှာ လူသိများကြပါတယ်။ တကယ်တော့ အင်္ဂလိပ်တွေပေးချင်တာက ဒိုင်အာခီ ( Dyarchy ) အုပ်ချုပ်ရေးပုံစံပါ။

တင်မောင်သန်း၏သခင်နိုင်ငံတော်စာအုပ်မှ ကူးယူမျှဝေပေးပါသည်
Aung Zaw Bo

No comments:

Post a Comment