25 Apr 2015

မြန်မာ ပြည်ထောင် စု အဓိပ္ပာယ်


မြန်မာ ပြည်ထောင် စု  အဓိပ္ပာယ်

=======


" ယခု ( State ) ဆိုတဲ့ နိုင်ငံတော်ကြီးကို ကျွန်တော်တို့ ဗမာပြည်မှာ မဖွဲ့စည်းမိကြသေးပါဘူး။ အဲသည်တော့ ဖွဲ့စည်းမည့် နိုင်ငံတော်မှာ ဘယ်နယ်တွေ ပါမည်ဆိုတာ ကျွန်တော်တို့ ကျကျနန သတ်မှတ်ပြီးသား မဖြစ်နိုင်သေးပါဘူး။ "
...
" မြန်မာ ပြည်ထောင်စု နိုင်ငံတော် ဆိုတာကို ကျွန်တော် အထူးရှင်းပြ နေစရာ မလိုပါဘူး။ သည်နိုင်ငံတော်ကို ပြည်ထောင်စုတွေ စုထားမယ် ဆိုတဲ့ သဘောလောက် ပါပဲ။ ပြည်ထောင်စု နိုင်ငံတော် ဆိုကတည်းက ကျွန်တော်တို့ အခု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေဟာ (United Constitution ) လူတမျိုးတည်း ဆိုတဲ့ နိုင်ငံမျိုး မဟုတ်ပဲနှင့် လူမျိုး ပေါင်းစုံ ပြည်ထောင်စု နိုင်ငံ ဆိုတဲ့ အဓိပ္ပာယ် ရောက်သွားပါတယ်။ "
...
" အဲသည်တော့ သည်ပြည်ထောင်စု နိုင်ငံတော်မှာ ဘယ်နယ်တွေ ပါရမည် ဆိုတာ ကျွန်တော်တို့ သည်အထဲမှာ ထည့်ထားတာလည်း မရှိသေးပါဘူး။ ပါချင်တဲ့ လူတွေ ပါကြ။ အဓိပ္ပာယ်က နယ်ကို သတ်မှတ် မထားပဲနှင့် ပြည်ထောင်စု နိုင်ငံတော်လို့ သာမည ထည့်ထားခြင်း ဖြစ်ပါတယ်။ "
...
လွတ်လပ်ရေးနှင့် ပြည်ထောင်စု ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း
၁၉၄၇ ခု ၊ ဇွန်လ ၁၆ ရက်၊ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး စတုတ္ထနေ့တွင် တင်သွင်းခဲ့သော
ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ပက်သက်သည့် လမ်းညွှန် ပြဋ္ဌာန်းချက် ၇ ချက်မှ ကောက်နှုတ်ချက်

Burma = မြန်မာနိုင်ငံ

၁၉၄၈ လွတ်လပ်ရေးရသောအခါ အင်္ဂလိပ်ကိုလိုနီအစိုးရ သုံးစွဲပုံအတိုင်း
Burma = မြန်မာနိုင်ငံ ဟု ဆက်လက်သုံးနှုံးခဲ့သည်။

မူရင်းအင်္ဂလိပ်ဝေါဟာရတွင် Burma = ဗမာဟူ၍ မသုံးစွဲချေ။


ဗြိတိသျှနယ်ချဲ့တို့၏ အုပ်ချုပ်ရေး နည်းပရိယာယ်များ

ဗြိတိသျှနယ်ချဲ့တို့၏ အုပ်ချုပ်ရေး နည်းပရိယာယ်များ
===========================


ဒိုင်အာခီ အုပ်ချုပ်ရေး စတင်ခြင်း
-------------------------------------

အင်္ဂလိပ်တို့သည် ပထမကမ္ဘာစစ်ကြီး ပြီးလုနီးအချိန် စစ်ရေးဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ ကိုလိုနီနိုင်ငံများမှ လူအားငွေအား ကူညီမှုကို ရရှိရန်အတွက် အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန်ကြီး မစ္စတာ မွန်တေဂူက " ဗမာနိုင်ငံ အပါအဝင် အိန္ဒိယနိုင်ငံကို တာဝန်ခံ ကိုယ်ပိုင် အုပ်ချုပ်ရေး တစ တစ တိုးမြှင့်ပေးမည်"ဟု ၁၉၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့က ကြေညာခဲ့သည်။ ဗမာအပါအဝင် အိန္ဒိယနိုင်ငံကလည်း အုပ်ချုပ်ရေးအသစ်ကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဒိုင်အာခီအုပ်ချုပ်ရေးကို အင်္ဂလိပ်ပါလီမန်တွင် တင်သွင်းအတည်ပြုပြီးနောက် ၁၉၂၀ ပြည့်နှစ်တွင် အိန္ဒိယ၌ အတည်ပြုခဲ့သည်။ သို့ရာတွင် ဗမာပြည်အား ချန်လှပ်ထားခဲ့၍ ၁၉၂၁ ခုနှစ် နိုဝင်ဘာတွင် ဝှိုက်ကော်မတီအမည်ရှိ စုံစမ်းရေးကော်မတီ ဖွဲ့စည်း၍ ဗမာပြည်သို့ သီးခြားစေလွှတ် စုံစမ်းစေမည်ဟု အဆိုပြုလာ၏။

ထိုအတောအတွင်း ဗမာပြည်သူတို့၏ နိုင်ငံရေး နိုးကြားမှုမှာ တစတစ မြင့်မားလာကြသည်။ ဂျီစီဘီအေအဖွဲ့ချုပ်ကြီး၏ ဩဇာလည်း ပိုမို၍ ကြီးမားလာသည်။ ဝံသာနုတို့၏ လှုပ်ရှားမှုသည်လည်း ကျယ်ပြန့်၍ လာသည်။ ထိုသို့နိုးကြားမှုများ၊ လှုပ်ရှားမှုများ ကြီးမားကျယ်ပြန့်လာသည်နှင့် အမျှ ယခင်က တောင်းဆိုခဲ့သော " အိန္ဒိယထက် နောက်တန်းမကျသော အုပ်ချုပ်ရေးကို ဗမာတို့အား ပေးရမည်"ဟူသော နိုင်ငံရေးတောင်းဆိုချက်အစား ဒိုင်အာခီထက် အဆင့်မြင့်သည့် " ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပေးရမည်"ဟု တဆင့်တက်၍ တောင်းဆိုကြသည်။

၁၉၂၁ ခုနှစ်၂ဖေဖွာရီလတွင် ကျင်းပသည့် ဂျီစီဘီအေ ဂျင်နရယ်ကောင်စီ အစည်းအဝေးနှင့် ၁၉၂၁ အောက်တိုဘာလတွင် ကျင်းပသည့် မန်တလေးမြို့ နဝမမြောက် ဂျီစီဘီအေ ကွန်ဖရင့်ကြီး၏ နိုင်ငံရေးဆုံးဖြတ်ချက်တို့တွင် ဟုမ္မရူး အမြန်ဆုံး ပေးရမည်ဟူသော ဆုံးဖြတ်ချက်မှာ နိုင်ငံရေးအရ တဆင့်တက်၍ အရေးဆိုတိုက်ပွဲဝင်သော ဆုံးဖြတ်ချက် ဖြစ်ပေသည်။

အင်္ဂလိပ်တို့သည် ဗမာပြည်အား ၁၉၂၃ ခုနှစ်ရောက်မှသာ ဒိုင်အာခီအုပ်ချုပ်ရေးကို ပေးအပ်ရာ၊ အိန္ဒိယထက် နှစ်နှစ်မျှ နောက်ကျရုံခဲ့ပေသည်။ သို့နောက်ကျရုံသာမက ဗမာပြည်သူတရပ်လုံးက သပိတ်မှောက်ဆန္ဒပြခြင်းနှင့် ရင်ဆိုင်ရပေသည်။

ဒိုင်အာခီ အုပ်ချုပ်ရေး ပုံသဏ္ဌန်နှင့် အာဏာ
------------------------------------------------

ဒိုင်အာခီ အုပ်ချုပ်ရေး ပုံသဏ္ဌန်သည် အင်္ဂလိပ်အစိုးရနှင့် ဗမာပြည်သူတို့ တွဲဖက်အုပ်ချုပ်ရေးအာဏာကို ခွဲဝေအုပ်ချုပ်ရမည့် ပုံသဏ္ဌန် ဖြစ်သည်။ အုပ်ချုပ်ရေး ဌာနပေါင်း ၁၀၂ ဌာန ခွဲခြားထားပြီး ဗြိတိသျှ-အိန္ဒိယ ဗဟိုအစိုးရက ၄၇ ဌာန၊ ဗမာနိုင်ငံ ဒုတိယဘုရင်ခံ ( ဒိုင်အာခီ အုပ်ချုပ်ရေး အတည်ပြုပြီးချိန်မှစ၍ ဗမာနိုင်ငံဘုရင်ခံ)က ၃၃ ဌာန၊ တိုင်းပြည်မှ ရွေးကောက်တင်မြှောက်သည့် ဥပဒေပြုကောင်စီအမတ်များက ၂၂ ဌာန အားဖြင့် တွဲဖက်အုပ်ချုပ်ကြစေရမည် ဖြစ်သည်။ ဗမာနိုင်ငံကို အိန္ဒိယပြည်နယ်တခု အဖြစ်ပင် ဆက်လက်ထားရှိလျက် ဒိုင်အာခီစနစ်ကို ဆယ်နှစ်မျှ အစမ်းသဘော အုပ်ချုပ်စေမည် ဖြစ်သည်။

အုပ်ချုပ်ရေးပိုင်းကို သုံးပိုင်းခွဲထားရာ တပိုင်းကို ဗြိတိသျှ-အိန္ဒိယ ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်၍ တပိုင်းကို ဗမာပြည်ဘုရင်ခံကိုယ်တိုင် အုပ်ချုပ်၏။ ကျန်တပိုင်းကိုသာလျှင် နိုင်ငံတွင်း၌ ရွေးကောက်သော ကိုယ်စားလှယ်တို့က ရွေးချယ်တင်မြှောက်ပေးသော သစ်တောနှင့် ပညာရေးဝန်ကြီး နှစ်ဦးက အုပ်ချုပ်ရ၏။ ယင်းဝန်ကြီးဌာနနှစ်ခုမှာလည်း ထိုက်တန်သော အာဏာ အပြည့်အဝ ရှိသည် မဟုတ်၊ ဘုရင်ခံ၏ သဘောတူညီချက်အရသာလျှင် အုပ်ချုပ်ရသော ဌာနများ ဖြစ်၏။ ထို့ပြင် ရှမ်းပြည်နယ်၊ ဝနှင့် ကချင်ပြည်နယ်၊ ချင်းတောင်တန်းဒေသ စသော ဒေသများကို ဘုရင်ခံ လက်အောက်တွင် ချွင်းချန်နယ်များ အဖြစ်ထားရှိ၍ ပြည်သူ့ကိုယ်စားလှယ်များက ဝင်ရောက်စွက်ဖက်နိုင်ခွင့် မရှိပေ။

ဒိုင်အာခီ အုပ်ချုပ်ရေးဥပဒေအရ ပေါ်ပေါက်လာမည် ဒိုင်အာခီလွှတ်တော် ပုံသဏ္ဌန်နှင့် အာဏာမှာ ယခင် ဒုတိယဘုရင်ခံ၏ အတိုင်ပင်ခံကောင်စီနှင့် နှိုင်းယှဉ်လျှင် ပြည်သူတို့ ရွေးကောက်တင်မြှောက်သည့် အမတ်များ ပါဝင်၍ ပိုမိုမြင့်မားလာသည် ဖြစ်သော်လည်း တကယ့်အချုပ်အချာ အာဏာပိုင်မှုမှာ အင်္ဂလိပ်နယ်ချဲ့သစ္စာခံ ဘုရင်ခံလက်တွင်သာ ရှိပေသည်။

ဒိုင်အာခီဥပဒေပြုကောင်စီတွင် အမတ် ၁၀၃ ယောက် ထားမည်ဖြစ်ရာ အောက်ပါအတိုင်း ဖြစ်သည်။

ဗမာတိုင်းရင်းသားတို့အတွက် ------------------------ ၅၈ နေရာ
ကရင်အမျိုးသားများအတွက် ( သီးခြား) --------------- ၅ ။
အိန္ဒိယအမျိုးသားများအတွက် --------------------------- ၈ ။
အင်္ဂလိပ်ကပြားများအတွက် ---------------------------- ၁ ။
ဥရောပတိုက်သားများအတွက် ------------------------- ၁ ။
တက္ကသိုလ်ကျောင်းကိုယ်စားလှယ်အတွက် ----------- ၁ ။
ဗမာကုန်သည်ကြီးအသင်းအတွက် --------------------- ၁ ။
ဥရောပကုန်သည်ကြီးအသင်းအတွက် ------------------ ၁ ။
တရုတ်ကုန်သည်အသင်းအတွက် ----------------------- ၁ ။
ဥရောပတိုက်သား ရောင်းဝယ်ရေးအဖွဲ့ အတွက် ------- ၁ ။
အိန္ဒိယအမျိုးသားကုန်သည်အသင်းအတွက် ------------ ၁ ။
ဘုရင်ခံခန့် ------------------------------------------------ ၂၁ ။
အစိုးရအရာရှိ ---------------------------------------------- ၂ ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ပေါင်း ---------------------------------------------------- ၁၀၃ နေရာ

အထက်ပါစာရင်းကို လေ့လာကြည့်လျှင် ၄၅ ဦးမှာ ဘုရင်ခံ၏ သဘောအတိုင်း ခန့်ထားသူများ အင်္ဂလိပ်၊ အင်္ဂလိပ်ကပြား၊ တရုတ်၊ ကုလားကိုယ်စားလှယ်များ ဖြစ်ကြရာ၊ ထိုသူတို့သည် အင်္ဂလိပ်အစိုးရသဘောကျ လုပ်ဆောင်မည့်ပုဂ္ဂိုလ်တို့သာ ဖြစ်သည်။ ဗမာတိုင်းရင်းသား ၅၈ ဦးတွင်လည်း နိုင်ငံရေးအယူဝါဒ တူညီခြင်း မရှိသူတို့အတွင်း အကွဲကွဲအပြားပြား ပါဝင်နေမည်ဖြစ်၍ စည်းလုံးညီညွတ်ခြင်း ရှိနိုင်မည် မဟုတ်။ ထို့ကြောင့် ဘုရင်ခံ၏ သဘောအတိုင်း ပြုလုပ်နိုင်သည့် အခြေတွင် တည်ရှိနေပေသည်။

ဒိုင်အာခီအုပ်ချုပ်ရေးတွင် ၅၀၀ဝိ/- စား ရာထူးကြီး လေးနေရာရှိပြီး ထိုလေးနေရာအနက် ဘဏ္ဍာရေး နှင့် ပြည်ထဲရေးဌာနများအတွက် နှစ်ဦးကို ဘုရင်ခံ အလိုကျခန့်မည်။ သစ်တောရေးနှင့် ပညာရေးဌာနများအတွက် နှစ်ဦးကိုမူ ကောင်စီအမတ်များထဲမှ ကောင်စီဝင်တို့က ရွေးပြီး ဘုရင်ခံက ခန့်မည်။ ၄၀၀ဝိ/- စား ဥပဒေပြုကောင်စီ ဥက္ကဌ နှင့် ၇၅ဝိ/- စား ဒုတိယဥက္ကဌတို့ကိုလည်း ကောင်စီအမတ်များထဲမှ ကောင်စီဝင်တို့က ရွေးချယ်ပြီး ဘုရင်ခံက ခန့်ထားမည်။ ထို့အပြင် ဒိုင်အာခီအုပ်ချုပ်ရေး ယန္တရားကြီးလက်အောက် မြို့ကြီးအချို့တွင် မြူနီစီပါယ်အဖွဲ့၊ ခရိုင်နယ်များတွင် ဒိစတြိတ်ကောင်စီ၊ မြို့နယ်များတွင် တောင်းကောင်စီ၊ ကျေးရွာအုပ်စု တိုက်နယ်များတွင် ဆာကယ်ဘုတ်အဖွဲ့ ဟူ၍ မဲစနစ်ဖြင့် လူကြီးများ ရွေးချယ်အုပ်ချုပ်စေသည့် အဖွဲ့တို့လည်း ရှိမည်ဖြစ်သည်။

ခြုံ၍ ကြည့်လျှင် ဒိုင်အာခီအုပ်ချုပ်ရေးစနစ်သည် ဗမာပြည်သူတို့ ကောင်းကျိုးထက် ဥပဒေပြုကောင်စီအမတ်ဖြစ်ရေး၊ ငါးထောင်စား၊ လေးထောင်စား ဝန်ကြီးချုပ်များ ဖြစ်ရေး၊ ဥက္ကဌကြီး ဖြစ်ရေး၊ မြူနီစီပါယ်၊ ဒိစတြိတ်ကောင်စီ၊ ဆာကယ်ဘုတ်လူကြီးဖြစ်ရေးတို့အတွက် အဆင့်ဆင့် အပြိုင်အဆိုင် ငွေကြေးအမြောက်အများ အကုန်အကျခံကာ မဲဆွယ်ခြင်း၊ မဲခိုးခြင်း၊ လပ်အမျိုးမျိုးပေးခြင်း၊ လိမ်လည်ကောက်ကျစ်ခြင်း စသည်ဖြင့် အနိုင်ရရန်အတွက် မတရားသော အဓမ္မကျသော နည်းမျိုးစုံသုံးကာ ယှဉ်ပြိုင်ကြိုးပမ်းရသည့် အတွက် ဗမာတိုင်းရင်းသားအချင်းချင်း အငြင်းပွားမှု၊ သွေးကွဲမှု၊ ပဋိပက္ခမှုတို့သာ ပိုမိုဖြစ်ပွား၍ စည်းလုံးညီညွတ်ရေး ပျက်ပြားစေကာ ကျွန်သက်ရှည်မည့် စနစ် ဖြစ်ပေသည်။

အင်္ဂလိပ် နယ်ချဲ့တို့၏ အုပ်ချုပ်နည်း ပရိယာယ်
-----------------------------------------------------

အင်္ဂလိပ်နယ်ချဲ့သမားတို့အတွက် ထိုခေတ်ကာလ၌ အကောင်းဆုံးပရိယာယ်မှာ ယခင် တူ-သာ-သင်း ခေါ် ဗြိတိသျှအလိုတော်ရိသက်သက် ဖြစ်သော ဦးဘတူ၊ ဦးဘိုးသာ၊ ဦးသင်း စသော အတိုင်ပင်ခံလူကြီးများ အစား အမတ်စုစုပေါင်း ၁၀၃ ဦးရှိ ကွဲပြားသည့် တိုင်းရင်းသားနိုင်ငံရေး အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် ကုလား-တရုတ်-မျက်နှာဖြူ ကုမ္ပဏီ ကိုယ်စားလှယ်တို့ စုဝေးကာ ဘုရင်ခံအား အကြံပေး အုပ်ချုပ်စေသည့် ဒိုင်အာခီအုပ်ချုပ်ရေးကို ထူထောင်ပေးခြင်း ဖြစ်သည်။ ထိုစနစ်အရ ဗမာပြည်သူတို့က တောင်းဆိုကြသည့် ကိုယ်ပိုင်အုပ်ချုပ်ရေး အစား တဖက်တွင် အမျိုးသားအချင်းချင်း ကွဲပြားစေလျက် ဂိုဏ်းဂဏပါတီအသီးသီး ပေါ်ထွက်ရေးကို အားပေးရင်း တခြားတဖက်၌ ကုလား၊ တရုတ်၊ အင်္ဂလိပ်၊ ဓနရှင်အုပ်စုများ အာဏာဝေစုခွဲကြ၍ အများစု ဗမာပြည်သူတို့ အကျိုး လုံးဝမဆောင်ရွက်နိုင်အောင် ဟန့်တားနှောင့်ရှက်ဖျက်စီးလျက် အင်္ဂလိပ်ဘုရင်ခံက သူ့အလိုအတိုင်း ဗြူရိုကရက် အရာရှိများနှင့် ပူးပေါင်းကာ လက်ဝါးကြီးအုပ် နယ်ချဲ့ဓနရှင် အကျိုး ဆက်လက်ဆောင်ရွက်ကာ ကာကွယ်သွားမည် ဖြစ်ပေသည်

အဖိနှိပ်ခံ လုပ်သားပြည်သူအပေါင်း၏ ဆန့်ကျင်တိုက်ခိုက်မှုအား ချိုးနှိမ်ဖျက်စီးပစ်ရမည့် တာဝန်မှာ ဖိနှိပ်စိုးမိုးသူတွင်ရှိရကား အင်္ဂလိပ်နယ်ချဲ့တို့သည် ထိုတာဝန်ကို ထမ်းဆောင်ရာ၌ တိုက်ရိုက် ဖိနှိပ်ဖျက်စီးရေး နည်းပရိယာယ် အစား သွယ်ဝိုက်၍ တစတစ သွေးခွဲဖျက်စီးမည့် နည်းပရိယာယ်များကို ကျင့်သုံးခြင်းပင် ဖြစ်သည်။ နိုင်ငံရေးအရ အမျိုးသားလွတ်လပ်မှု တောင်းဆိုတိုက်ပွဲဝင်ကြသော ဝံသာနုများအား လွတ်လပ်ရေး မပေးဟူ၍ တိုက်ရိုက် ပြောင်ငြင်းဆိုခြင်း မပြုပဲ တစတစ ကိုယ်ပိုင်အုပ်ချုပ်ရေးဆို၍ ထာဝစဉ် နယ်ချဲ့လက်အောက်ခံ နိုင်ငံအဖြစ် ဗြိတိသျှအင်ပါယာ စနစ်အတွင်း ထားလိုသော ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းနှင့် ဖြားယောင်း သွေးဆောင်လျက် ဝံသာနုအချင်းချင်း စိတ်ဝမ်းကွဲအောင် ရာထူးကြီးများဖြင့် ခွဲခြမ်းပစ်ကာ ဆက်လက်အုပ်ချုပ်ခြင်းပင် ဖြစ်သည်။

အင်္ဂလိပ် နယ်ချဲ့အစိုးရသည် ယင်းသို့လျှင် ပြည်သူတို့၏ အမျိုးသားရေးလှုပ်ရှားမှု အင်အားကို ဂရုမပြုဘဲ နေနိုင်သည့်အချိန်တွင် အုပ်ချုပ်ရေးစနစ်ကို အကြောင်းပြု၍ ဗမာတိုင်းရင်းသားတို့၏ သွေးစည်းညီညွတ်မှု ပျက်ပြားစေပြီး တစတစ သူတို့၏ မူလအုပ်ချုပ်ရေးသဘောကို ပြုပြင်ပြောင်းလဲပေးသွားခြင်းသာမည်သည်။ ဗမာပြည်သူတို့၏ ကျွန်သက်ရှည်ကြာစေရေးနှင့် ယင်းတို့အတွက် ကိုလိုနီစိုးမိုးမှု အဓွန့်ရှည်စေရေးအတွက်ကို ဖန်တီးခြင်းသာ ဖြစ်ပေသည်။

တို့ဗမာအစည်းအရုံး သမိုင်း
( တို့ဗမာအစည်းအရုံး သမိုင်း ပြုစုရေးအဖွဲ့ ) မှ ကောက်နုတ်ဖော်ပြသည်။

တို့ဗမာအစည်းအရုံး သမိုင်းသည် သမိုင်းတွင် ပါဝင်လှုပ်ရှားခဲ့ကြသည့် သခင် သခင်မများစွာတို့အနက်၊ သမိုင်းပြုစုရန် အခြေအနေပေးအပ်ခံရသော သခင် သခင်မတို့များက စေတနာမှန်ဖြင့် ဓမ္မဓိဌာန်အကျဆုံး စုပေါင်းကြိုးပမ်းချက်ဖြစ်သည်။


“ဗိုလ်” ဟူသောဝေါဟာရ

 “ဗိုလ်” ဟူသောဝေါဟာရ
=============
ခင်မောင်စော (ဘာလင်)



“ဗိုလ်” ဟူသောဝေါဟာရနှင့် ပတ်သက်၍ အဓိပ္ပါယ်ရှင်းပြရန် ယခုခေတ်လူငယ်များကို မေးကြည့်လျှင် ပခုံးတွင်အပွင့် ၂ ပွင့်တတ်ထားသော စစ်အရာရှိဟုသာဖြေကြပေလိမ့်မည်။ ၎င်းတို့ ၏အဖြေမှာမမှားသော် လည်း မြန်မာဘာသာနှင့်စာပေကိုလေ့လာလိုသူ သုတေသီတယောက်အတွက်မူ လုံလောက်သောအဖြေ မဟုတ်ပါ။ ဗိုလ်ဆိုသောဝေါဟာရ၌ အဓိပ္ပါယ်နှင့်အသုံး မျိုးစုံရှိပြီးလျှင် ကောင်းသော အဓိပ္ပါယ်ရှိသကဲ့သို့  မကောင်းသော အဓိပ္ပါယ်လည်း သက်ရောက်နိုင်သောကြောင့်ပင်ဖြစ်၏။

မည်သို့ပင်ဖြစ်စေကာမူ ယခုခေတ်လူငယ်များ၏ဗဟုသုတ၌ “ဗိုလ်”ကို စစ်သုံးအဖြစ်သာသိထားရခြင်းကို နားလည်နိုင်ပါသည်။ အကြောင်းမှာ မြန်မာပြည်သည် ၁၉၅၈ ခု စက်တင်ဘာလမှ ယခုအချိန်ထိ (ဦးနု၏ ပြည်ထောင်စုပါတီအစိုးရ ဧပြီလ ၁၉၆၀ မှ မတ်လ ၁ ရက် ၁၉၆၂ အထိ ကလွဲပြီး) စစ်အစိုးရများ သော်လည်းကောင်း အရပ်သားအမည်ခံ စစ်ဗိုလ်လူထွက် အစိုးရများသော်လည်းကောင်း၊ စစ်တပ်နှင့်ပတ်သက် သောအစိုးရအဆက်ဆက်ကသာ အာဏာယူထားခဲ့သောကြောင့် ဗိုလ်ဆိုသောဝေါဟာရမှာလည်းစစ်သုံး ဝေါဟာရသဘောမျိုး ဖြစ်သွားသောကြောင့်ပင်တည်း။

ဝေါဟာရ၏ဇာစ်မြစ်

ဗိုလ်ဆိုသောဝေါဟာရကို ပါဠိစကား “ဗလ”မှလာသည်ဟုယူဆကြသည်။ မြန်မာအဘိဓါန်များတွင်လည်း ထိုကဲ့သို့ ပင် ဖွင့်ဆိုထားသည်။ သိုရာတွင် ဂျာမနီပြည် ဟိုင်ဒဲလ်ဘဲရ်ဂ် တက္ကသိုလ် (Universitaet Heidelberg) တွင်မြန်မာဘာသာကထိကအဖြစ်ပို့ချခဲ့သောဆရာကြီး ဦးတင်ထွေး M.A, M.Phil. (Lond.) စသည့် ပုဂံကျောက်စာများကို ကောင်းစွာကျွမ်းကျင်သော ပုဂ္ဂိုလ်တို့ ကမူ မြန်မာစကားစစ်စစ်ဖြစ်ကြောင်း၊ “ပို” မှလာကြောင်း၊  သ္ခိင်စာခီပိုလ် (သခင်စာချီဗိုလ်) ကျောက်စာ၊ သင်္ကန်းရုံဘုရားကျောက်စာ စသည်တို့ တွင် “ပိုလ်” ဆိုသော ရေးထားမှုများ ၊ အသုံးများကို တွေ့ ရကြောင်း၊ ပုဂံကျောက်စာများတွင် ရန္တပိုလ် သည် ရန်သူကို နှိမ်နှင်းနိုင်သောသူဟုဆိုလိုကြောင်း၊ ယခုခေတ်အခေါ် အဖြစ်မူ ဗိုလ်ရန်နိုင်၊ ဗိုလ်ရန်နှိမ်၊ ဗိုလ်ရန်အောင်၊ ဗိုလ်ရန်ရှင်း၊ ဆိုသည့်အမည်မျိုးဖြစ်ကြောင်း ထောက်ပြကြပါသည်။ ၎င်း ရန္တပိုလ် မှ ရန္တပို ရွာဟု ခေါ်သည့် အရပ်  ဖြစ်ပေါ်လာကြောင်း၊ ၎င်းအရပ်မှာ အင်္ဂလိပ်မြန်မာပထမစစ်ပွဲ စစ်ပြေငြိမ်း စာချုပ် ချုပ်ဆိုခဲ့သဖြင့် အရပ်ဒေသမှာ အမည်အားဖြင့် ထင်ရှားသွားသော်လည်း ၎င်းအမည်၏ ဇာစ်မြစ်ကို သိသူ အလွန်ရှားကြောင်း၊ အချို့လူများကဆိုလျှင် ပြင်သစ်စကား ရောင်ဒေဗူ rendezvous (တွေ့ဆုံခြင်း၊ ပူး ပေါင်းချင်း) မှလာသည်ဟု ရမ်းကာ ဖြန်းသန်းနေကြကြောင်း ရှင်းပြကြပါသည်။

“ဗိုလ်” အသုံးများ

မြန်မာစကားတွင် “ဗိုလ်” ဆိုသော အသုံးကို စစ် သို့ မဟုတ် လက်နက်ကိုင်တပ်ဖွဲ့ တခုခု၏အရာရှိ အဖြစ် ၎င်း၊ အုပ်ချုပ်ရေးနှင့် စီမံခန့် ခွဲခွင့် အာဏာရရှိထားသော အရပ်သားအရာရှိ အဖြစ်၎င်း၊ သုံးလေ့ရှိသည်။

ဗြိတိသျှ ကိုလိုနီခေတ်အခါက မျက်နှာဖြူများ (အထူးသဖြင့် ဗြိတိသျှများ) သည် စစ်တပ်၊ လက်နက်ကိုင် တပ်များ နှင့် အရပ်ဘက်ဌာနများတွင် အရာရှိများဖြစ်ခဲ့ရကား၊ မျက်နှာဖြူ အားလုံးကို “ဗိုလ်”ဟုခေါ်သော ဝေါဟာရသစ် ဖြစ်ပေါ်လာသည်။ အားကစားပြိုင်ပွဲများတွင်မူ “ဗိုလ်” သည် ချန်ပီယံ ဖြစ်ကြောင်းပြသည်။ လူဆိုး ၊ သူခိုး ၊ ဓားပြဂိုဏ်း တခုခု၏ ခေါင်းဆောင်ကိုလည်း “ဗိုလ်” ဟု ခေါ်လေ့ရှိသည်။

ဥပမာများ

စစ်ဗိုလ်၊ စစ်ပုလိပ်ဗိုလ်၊ ကင်းဗိုလ်၊ ပုလိပ်ဗိုလ်၊ စစ်ရဲဗိုလ်၊ ပြူစောထီးဗိုလ်၊  မီးသတ်ဗိုလ်၊ ကာကွယ်ရေး ဗိုလ်၊ ရွှေဓါးဗိုလ်၊ ရွှေလှံဗိုလ်၊ စသော အသုံး များသည် လက်နက်ကိုင်အဖွဲ့ အစည်းတခုခု၏ အရာရှိဖြစ် ကြောင်း ပြသည်။

ဗိုလ်ထု၊ ဗိုလ်ခြေ၊ ဗိုလ်ဝင်ခံ၊ ဗိုလ်ရူခံ၊ ဗိုလ်ပါ၊ ဗိုလ်ပုံ၊ စသောအသုံးများသည် စစ် နှင့် လက်နက်ကိုင်တပ် ဖွဲ့ များ၏အခမ်းအနားများတွင် သုံးသောဝေါဟာရများဖြစ်သည်။

စာတိုက်ဗိုလ်၊ လမ်းဗိုလ်၊ ဆည်ဗိုလ်၊ ဂါတ်ဗိုလ်၊ အကောက်ဗိုလ် စသော ဝေါဟာရများသည်၊ အုပ်ချုပ်ရေး နှင့်စီမံခန့် ခွဲရေး တာဝန်ယူထားရသော အရပ်ဘက်ဌာနအရာရှိများအတွက် သုံးသောဝေါဟာရများ ဖြစ် သည်။

ဓားပြဗိုလ်၊ သူခိုးဗိုလ်၊ သူပုန်ဗိုလ်၊ လူဆိုးဗိုလ် စသော အသုံးများ၌ “ဗိုလ်” သည် လူဆိုးဂိုဏ်းတခုခု၏ ခေါင်းဆောင်ဖြစ်ကြောင်း ပြသည်။

“ဆိုးကြစို့တကယ်ဆို၊ ဓားပြဗိုလ်လုပ်နိုင်ရဲ့လေး” ဟု စလေဦးပုညက စာဖွဲ့ခဲ့ပါသည်။ စစ်ကြိုခေတ်က အဆိုတော်ကြီးဒေါ်မေရှင်သီိဆိုခဲ့သော “အောင်ခြင်းရှစ်ပါး”သီချင်း၌လည်း “လူဆိုးဗိုလ် အင်္ဂုလိမာလ ဟာ သံလျက်ဓားကို သူ့လက်ဖျားက မချပါ” ဟူသော “လူဆိုးဗိုလ်” အသုံးကို တွေ့နိုင်ပါသည်။ အင်္ဂလိပ်တို့က  သူပုန်ဗိုလ်၊ ဓားပြဗိုလ်၊ လူဆိုးဗိုလ်၊ ဟု ချိုးနှိမ်ရေးခဲ့သော ဘုန်းကြီးဗိုလ်၊ ဗိုလ်ရိုင်၊ ဗိုလ်ရွှဲ၊ ဗိုလ်တာတေ၊ ဗိုလ်စံဖဲ စသည့်ဗိုလ်များမှာ မြန်မာများအတွက်တော့ “မျိုးချစ်သူရဲကောင်း”များဖြစ်ပေသည်။

ကလေးဗိုလ်၊ ဗိုလ်ကျ၊ ဗိုလ်လုပ်၊ တပ်ပျက်ဗိုလ်၊ စသော အသုံးများ၌ “ဗိုလ်” သည် မကောင်းသော အဓိ ပ္ပါယ်ကို ဆောင်သည်။

ဗိုလ်စွဲ၊ ဗိုလ်လုပွဲ၊ အကြို ဗိုလ်လုပွဲ၊ ဗိုလ်မထား၊ ဗိုလ်မရွေး၊ စစ်တုရင်ဗိုလ်၊ ကျားဗိုလ်၊ စသော အသုံးများ သည် အားကစားတခုခုတွင် ချန်ပီယံ ဖြစ်ကြောင်း၊ ဖြစ်နိင်ရန် ယှဉ်ပြိုင်နေကြောင်းကိုပြသည်။

အင်္ဂလိပ်ခေတ်က မျက်နှာဖြူ များကို ဗိုလ်ထီး ၊ ဗိုလ်မ ဟုခေါ်ကြောင်း ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ထို့ ကြောင့် ၎င်းတို့ နှင့်စပ်ဆိုင်သော ဗိုလ်စားပဲ ၊ ဗိုလ်စားငှက် ၊ ဗိုလ်ကေ၊ ဗိုလ်တဲ ၊ ဗိုလ်ထိုင်အိမ်သာ စသော အသုံး အနှုံးများလည်း ပေါ်လာသည်။

အသားဖြူသူများကို မျက်နှာဖြူ “ဗိုလ်” နှင့်နှိုင်းပြီး ဗိုလ်ဖြူ ၊ ဗိုလ်နီ၊ ဗိုလ်မောင်၊ ဗိုလ်ကြီး၊ ဗိုလ်မ ၊ စသော အမည်များပေးတတ်သည်။

အနောက်နိုင်ငံများသို့ ပညာတော်သင်သွားပြီး မျက်နှာဖြူမများကို ယူလာခဲ့သူများလည်းရှိရာ ၎င်းတို့ ကို “ဗိုလ်မလင်” ဟု၎င်း၊ “ဗိုလ်မကြီးလင်” ဟု ၎င်း အရပ်စကားဖြင့် ခေါ်ကြ၏။ ထိုနည်းတူစွာ မျက်နှာဖြူများ နှင့်ရသောမိန်းမများကို “ဗိုလ်ကတော်”ဟု ခေါ်ကြ၏။ အချိ့ အနောက်တိုင်းသားများမှာ တိုင်းရင်းသူများကို အတည်တကျမပေါင်းဘဲ အပျော်မယား အဖြစ်သာသဘောထားပြီး အချိန်တန်လျှင်အိမ်ပြန်ကြလေတော့ ၏။ ၎င်း “ဗိုလ်” ၏ ကျန်ခဲ့သော အပျော်မယားဟောင်းကို “ဗိုလ်ကတော်ကျ”ဟုခေါ်ကြ၏။ အချို့ မိန်းမများ မှာ မျက်နှာဖြူ တယောက်ပြီးတယောက်ပြောင်း အပျော်မယားဖြစ်ခံရသဖြင့် “ဗိုလ်ကတော် ၂ ဆက်ကျ”၊ “ဗိုလ်ကတော် ၃ ဆက်ကျ” ဟူ သော အခေါ်များလည်းရှိသေး၏။ မျက်ခုံးမွှေးဆွဲဟန်၌ပင် သေးသေးရေး ရေး ဆွဲထားသည့် မျက်ခုံးမွှေးကို “ဗိုလ်ကတော့်မျက်ခုံး” ဟုခေါ်ကြ၏။

ရန်ကုန်မြို့တွင် ထို “ဗိုလ်ကတော်”၊ “မင်းကတော်” တို့ကို လူထုကြီးက “မျက်စိစပါးမွှေးစူး”လာဟန်ရှိခဲ့ပါ သည်။ စစ်ကြိုခေတ်က အလွန်နံမည်ကြီးခဲ့သော လူရွှင်တော်များဖြစ်သည့် ဓာတ်စီ နှင့် ဓာတ်စံ တို့ က  “စက်ကြီး ၁၃ ပါး ဘုရားရှိခိုး” ကိုမှီး၍ ပျော်စေ၊  ပြက်စေ၊ ကလက်စေ၊ သဘောဖြင့်ပြက်လုံးထုတ်ခဲ့ရာ တွင် “စီးကရက်ဘူး၊  လေဒီရှူးနှင့်၊ နယူးစတိုင်၊ သားရေအိပ်ကိုကိုင်၍၊ လည်တိုင်အပါး၊ ဒေါ်လာပြားနှင့် ၊ ရွှေ သွားတလက်လက် ဗိုလ်ကတော့်စက်”  ဟူ၍၎င်း “ပိုကာ၊ ဂျိုကာ တနေ့ လုံး၊ အချိန်ဖြု န်း၍၊ လင်ရုံး ဆင်းချိန်၊ တလိမ်လိမ် တလူးလူး၊ နေမကောင်းဘူးဟု၊ ပူးကပ်မာယာ၊ နှိပ်ခိုင်းတာ၊ များစွာရက်စက်၊ ဖဲ ပြင်တဲ့ မင်းကတော့်စက်။ ” ဟူ၍၎င်း ထိုခေတ်က ရန်ကုန်အထက်တန်းစားများ၏ နေထိုင်ပုံကို သရော် ထားခဲ့ပါသည်။

အင်္ဂလိပ် မြန်မာ ကပြား သို့ မဟုတ် မျက်နှာဖြူ နှင့် မြန်မာကပြားများကို ဗိုလ်ကပြား၊ အတိုကောက်အား ဖြင့် ယောင်္ကျားဆိုလျှင် ကပြားထီး၊ မိန်းမဆိုလျှင် ကပြားမ ဟုခေါ်ကြသည်။ ထိုခေတ်ကနံမည်ကြီးခဲ့ သော၊ ဇာတ်ဆရာ ဂရိတ် ဦးဘိုးစိန်ကြီးသည်၊ ၎င်း၏ဇာတ်ကို လူပိုစည်စေရန် အင်္ဂလိပ် ကပြားမများကို စုဆောင်းပြီး ကပြားမယိမ်းဟူသော အကတခုကိုလည်း ထွင်ခဲ့၏။ ၎င်းယိမ်းအကမှာ လူကြိုက်များ၍ ဇာတ်ရုံ၌လူစည်သော်လည်း ဇာတ်နားချိန်တွင် ၎င်းကပြားမ များကို လာပြီး “ဒိတ်” လုပ် သော မျက်နှာဖြူ ထီးများ၊ ကပြားထီးများ ဝင်လာမစဲ တသဲသဲ ဖြစ်နေသဖြင့် နောက်ဆုံးတွင် ဦးဘိုးစိန်ကြီးသည် ကပြားမ ယိမ်းကို ၎င်း၏ဇာတ်မှ ဖြုတ်ပစ်ခဲ့ရတော့ကြောင်း စာရေးဆရာမကြီး လူထုဒေါ်အမာက ၎င်း၏ “ပြည်သူ ချစ်သော အနုပညာသည်များ” စာအုပ်၌ ရေးထားခဲ့ပါသည်။

ဆရာဦးသိန်းဖေမြင့်၏ “မင်းတိုင်ပင်” ဝတ္တု တွင်လည်း တောသူဌေးကြီး ဦးဘိုးကူး မင်းတိုင်ပင်အမတ် အဖြစ် အရွေးခံရရာ ရန်ကုန်သို့ အစည်းအဝေးလာတက်ချိန် ညပိုင်း၌ ပျော်ပါးရန် ဇိမ်မယ်ရှာခိုင်းရာတွင် “ကပြားမ” ကို ရှာခိုင်းကြောင်း၊ ဇိမ်ခေါင်းက လူစီခင်ခင် ဆိုသောကပြားမလေးတယောက်ကို ရှာပေး လိုက်ရာ မင်းတိုင်ပင်အမတ်ကြီး အလွန်ကြိုက်သွားပြီး “ကပြားမနဲ့ ငါညားရမကွဲ့ ” ဟု နဘေကာယံနှင့်  ကြုံးဝါးကြောင်း၊ လွှတ်တော်အစည်းအဝေးပြီးသောအခါ လူစီခင်ခင်ကို အရမ်းကြိုက်သွားပြီး မိမိနေသော တောမြို့ သို့ ခိုးပြေးကြောင်း၊ အိမ်တွင်မယားကြီး၊ သားကြီး၊ သမီးကြီးများနှင့် ပြဿနာတက်သွားကြောင်း၊ နောက်ပိုင်းတွင် မင်းတိုင်ပင်အမတ်ကြီး လူစီခင်ခင်ထံမှ ကာလသားရောဂါပိုး ကူးစက်ပြီး ကုရာနထ္ထိ ဆေး မရှိဘဲ သေကြောင်း၊ ထိုနယ်အတွက် မင်းတိုင်ပင်အမတ်အသစ်ရရန် ရွေး ကောက်ပွဲလုပ်ရဦးမည်ဖြစ် ကြောင်း၊ သင်ခန်းစာပေး ဝတ္တုကို ဟာသနှောပြီး ရေးထားခဲ့ပါသည်။

ကုလားဗိုလ်ဆို သည်မှာ အင်္ဂလိပ်နှင့်ကုလား ကပြားဖြစ်သည်။

အချို့ သောကုလားအစစ်များသည် ခရစ်ယာန်ဘာသာသို့ ဝင်ပြီး  အင်္ဂလိပ်အမည်၊ စကော့အမည်များ ခံ ကြသည်။ အင်္ဂလိပ် များကလည်း ၎င်းတို့ ၏သွေးခွဲအုပ်ချုပ်ရေးစနစ်အောင်မြင်နိုင်စေရန်၊ ထို ခရစ်ယာန် ဘာသာဝင်ကုလား အစစ်များကို “ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ဟုဆိုရမည့် အခွင့်အရေးပေးထားခဲ့ လေတော့ရာ ၎င်း ဘောင်းဘီဝတ် ခရစ်ယာန်ဘာသာဝင်ကုလားအစစ်များသည် ကမ်းမမြင်လမ်းမမြင် ဘဝင်မြင့်ကြလေတော့၏။ ဘောင်းဘီဝတ် မျက်နှာဖြူများကို တိုင်းရင်းသားများက သခင်ခေါ်ရပြီး ဘုရား ထူးနေရသောခေတ်ဖြစ်လေရာ ၎င်း  ဘောင်းဘီဝတ် ကုလားများသည်လည်း အချောင်ဝင်သခင်အခ်ါခံ၊ ဘုရားထူးခံကာ မျက်နှာဖြူအစစ်များထက်ပင် ဟိတ် ဟန် ဂိုက်ထုတ်၍ မြန်မာများကို နှိမ့်ချဆက်ဆံလေ့ ရှိသည်။

မျက်နှာဖြူမဟုတ်သော ဘောင်းဘီဝတ် ပညာဝန်ထောက်တဦး ဆရာကြီး ဦးဝန် (မင်းသုဝဏ်) ငယ်စဉ် ကနေခဲ့သည့် ဘုန်းကြီးကျောင်းအတွင်း နောက်ပိတ်ဖိနပ်ကြီး မချွတ်ဘဲ ၀င်လာရာ ကျောင်းသူ ကျောင်း သား တရာကျော်က ထိုကုလားမဲ ပညာဝန်ထောက်ကို ပထမ၊ ဒုတိယ၊ တတိယ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံး ကြိမ်မြောက်အောင် ထိခြင်းကြီးငါးပါးဖြင့် ဖူးမြော်မာန်လျှော့ကန်တော့ခဲ့ရပါကြောင်းကို ၁၉၆၂ ခုနှစ်တွင် ဆရာကြီး ဦးဝန်ရေးသော “သာဓုခေါ်၍ အမျှဝေပါ၏” ဆောင်းပါးတွင်  တွေ့နိုင်ပါသည်။

“အောင်ဆုသြဘာ၊ မင်္ဂလာဖြင့်၊ ဆယ်ဖြာလက်မြှောက်၊ ဆက်ခါလျှောက်ပိမ့်၊ ခိုင်ဆောက်အောင်လံ၊ ဂ ရိတ် ဗြိတန်နှင့်၊ နိုင်ငံအိန္ဒိယ၊ အစိုးရသည့်၊ ဘ၀သခင်၊ ဂျော့ဘုရင်နှင့်၊ အရှင်မိဖုရား၊ မြတ်နှစ်ပါးတို့ ၊ တိုင်း ကားစိုးစံ၊ ပြည်နိုင်ငံကို၊ ရန်မာန်ကင်းပြီး၊ ဘုန်းတော်ကြီး၍၊ သက်တော်ရှည်စွာ၊ ဆယ်ဖြာဓမ္မ၊ သင်္ဂဟနှင့်၊ နာယကဂုဏ်၊ ကိုယ်လုံးခြုံ၍၊ တိမ်မှုန်မသန်း၊ လပြည့်ဝန်းသို့ ၊ ရွှေနန်းပေါ်ထက်၊ နှစ်သက်မြတ်နိုး၊ ဥစ္စာစိုး သည်၊ တန်ခိုးနေသို့  ထွန်းစေသောဝ်” ဟူသော ပဉ္စမမြောက် ဂျော့ဘုရင်နှင့်မေရီမိဖုရားတို့၏ ဘုန်းတော် ဘွဲ့ မင်္ဂလာဧကပိုဒ်ရတုကို တောရောမြို့ ပါ နှုတ်တိုက်ကျက်မှတ်ခိုင်းပြီး စာသင်ကျောင်းတိုင်းတွင် ကျောင်း မတက်မီ သီဆိုကာ ဂုဏ်ပြုခဲ့ရကြောင်းကို ဆရာကြီး ဦးဝန် (မင်းသုဝဏ်) က “သာဓုခေါ်၍ အမျှဝေပါ၏” ဆောင်းပါးတွင်ရေးပြခဲ့ပါသည်။

၎င်းမျက်နှာဖြူမဟုတ်သော ဘောင်းဘီဝတ်တို့ (ဝါ) ခရစ်ယာန်ဘာသာဝင် ကုလားအစစ်များအကြောင်း နှင့်အင်္ဂလိပ်တို့ ၏သွေးခွဲအုပ်ချုပ်ရေးစနစ်အကြောင်းကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာထင်အောင်ကလည်း အောက်ပါအတိုင်းရေးခဲ့သည်။

“In addition, they divided the people in the plain into racial groups, namely Burmese, Indians, Anglo-Indians, and the Karens, on the excuse that racial minorities were entitled to special protection by the British government.  Anglo-Indians included Anglo-Burmese, whose number was small because intermarriage between the British and the Burmese was not common.  The total population of Anglo-Indians themselves was small and the majority of them had come from India; except that they wore trousers and coats and had English names, they were really Indians and could have been classified as such”. (See details: Maung Htin Aung, A History of Burma, Columbia University Press, 1967, p. 286)

အင်္ဂလိပ်တို့ ၏သွေးခွဲအုပ်ချုပ်ရေးစနစ်တွင် အပန်းဖြေရိပ်သာများ၊ “ကလပ်”များ (clubs) ၌ပင် လူဖြူများ အတွက်တခု၊ တနည်းအားဖြင့် ပထမတန်းစား “ကလပ်”။ ကပြားများအတွက်တခု၊ တနည်းအားဖြင့် ဒုတိ ယတန်းစား “ကလပ်”။  ဒေသခံတိုင်းရင်းသားများအတွက်တခု၊ တနည်းအားဖြင့် တတိယတန်းစား “က လပ်”စသည်ဖြင့်ခွဲထားသည်။  မြန်မာတိုင်းရင်းသားများနှင့်အိန္ဒိယတိုင်းရင်းသား ကုလားများသည် တတိ ယတန်းစား “ကလပ်” သာတက်ခွင့်ရသည်။ သို့သော် ၎င်းမျက်နှာဖြူမဟုတ်သောဘောင်းဘီဝတ်ကုလား  များ (ဝါ) ခရစ်ယာန်ဘာသာဝင်ကုလားအစစ်များသည် ဒုတိယတန်းစား”ကလပ်”တက်ခွင့်ရသဖြင့်အလွန် ဘဝင်မြင့်ကြကာဘဝမှန်ုကိုမေ့သွားကြပြီး ကုလားဟုအခေါ်မခံလိုကြဘဲ “ဗိုလ်ကပြား” (အင်္ဂလိပ် မြန်မာ ကပြား) ဟု အခေါ်ခံလိုကြသည်။ မြန်မာများကိုလည်း “ငုံ့ကြည့်ကြည့်ပြီး” တခုခုမြည် တွန်တောက်တီး စရာပေါ်လာပါက “You Burmese are —“(မင်းတို့ ဗမာတွေဟာ ——-) ဟု  အမျိးခိုက်ပြီး ချိုးနှိမ်ပြော လေ့ရှိသဖြင့် ၎င်းတို့ ကို ကြည့်မရသော မြန်မာများကလည်း သူတို့ကို “ကုလားဗိုလ်” (အင်္ဂလိပ်နှင့်ကုလား ကပြား) ဟုပင်မခေါ်ဘဲ “ဗိုလ်ကြက်ချေး”ဟူ၍လည်းကောင်း၊ “ဗိုလ်ကြက်ချေးကုလား”ဟူ၍လည်းကောင်း၊ “ဗိုလ်ရူး” (ဗူးယို)ဟူ၍လည်းကောင်း၊  “ဗိုလ်စုတ်” ဟု၍ လည်းကောင်း နှိမ့်ချ ခေါ်ဝေါ်ကြလေတော့သည်။

၎င်း”ဗိုလ်ကြက်ချေး”တို့ ၏အပြုအမူကို မြန်မာများတွင်မက မြန်မာပြည်ပေါက်ကုလားများ (ဟိန္ဒူ၊ မူဆ လင်၊ ဆစ်ခ် စသည်များ) နှင့် မြန်မာပြည် ရောက် အခြားကုလားများ ကလည်း “ဘိန်းစားချင်း အတူတူ ပြောင်းတလုံးပိုရှူချင်သည်” ဟုယူဆပြီး လုံးဝကြည့်မရတော့ဘဲ  “ဗိုလ်ကြက်ချေးထီး”ကို အူရဒူဘာသာ ဖြင့်  “စူဝက်ကဘချား” (ဝက်၏သား) ဟူ၍လည်းကောင်း၊ “ဗိုလ်ကြက်ချေးမ”ကို “စူဝက်ကီးဘချီး” (ဝက် ၏သမီး) ဟူ၍လည်းကောင်း၊ တနည်းအားဖြင့် “မျိုးမစစ်၊ အမျိုးယုတ်” ဟု နှိမ့်ချခေါ်ကြလေတော့သည့် အပြင် အဆက်အဆံမလုပ်ဘဲ ဝိုင်းပယ်ထားကြ၏။

မြန်မာစစ်စစ်ဖြစ်လျက် အနောက်တိုင်းသားဂိုက်ဖမ်းနေသူများကိုလည်း “ဗိုလ်ရူး” ဟူ၍၎င်း၊ မစ္စတာ “ဘူး ယို” ဟူ၍၎င်း၊ “ဖရုံယို”ဟူ၍၎င်း၊ “ဗိုလ်ကြီးမိတ်အင်ဘားမား” ဟူ၍၎င်း “ကင်ပွန်းတပ်”ကြလေတော့သည်။

ကုန်းဘောင်ခေတ်စစ်တပ်ဖွဲ့ပုံ

တပ်သား၅ယောက် အစုကို တအိုးစားဟုခေါ်သည်။ ၂ အိုးစား သို့ မဟုတ် တပ်သား ၁၀ ယောက်ကို အ ကြပ်တယောက်က အုပ်ချုပ်သည်။ စုစုပေါင်း ၁၁ ယောက်ဖြစ်သည်။ သွေးသောက်တယောက်က အကြပ် ၅ယောက်ကို အုပ်ချုပ်သည်။ ထို့ ကြောင့်သွေးသောက်တယောက်၏အောက်တွင်၊ တပ်သား ၅၀ နှင့် အ ကြပ် ၅ ယောက်၊ စုစုပေါင်း၅၅ ယောက် ရှိသည်။ သွေးသောက် ၂ ယောက်ကို တပ်မှူးတဦးက အုပ်ချုပ် သည်။ ထို့ ကြောင့်တပ်မှူးတယောက်၏အောက်တွင်တပ်သား ၁၀၀၊ အကြပ် ၁၀ ယောက်၊သွေးသောက် ၂ယောက်၊ စုစုပေါင်း ၁၁၂ ယောက် ရှိသည်။ ဗိုလ်တယောက်က တပ်မှူး ၅ ယောက်ကို အုပ်ချုပ်သည်၊ ထိုကြောင့် ဗိုလ်တယောက်၏အောက်တွင် တပ်သား ၅၀၀ ၊ အကြပ် ၅၀၊ သွေးသောက်၁၀ ယောက်၊ တပ် မှူး၅ ယောက်၊ စုစုပေါင်း ၅၆၅ ယောက်ရှိသည်။

မြန်မာဘုရင့်တပ်မတော်၏ အကြီးဆုံးစစ်သူကြီး ကို ဗိုလ်မှူး ဟုခေါ်သည်။ မဟာဗန္ဓုလ၏ရာထူးမှာ ဗိုလ် မှူးဝန်ကြီးဖြစ်သည်။ ထို့ ကြောင့် ထိုခေတ်ကဗိုလ်မှူးဆိုသည်မှာ ယခုခေတ်အခေါ် “ဖီးမာရှယ်” သို့ မဟုတ် ဗိုလ်ချုပ်မှူးကြီးဖြစ်သည်။

မဟာဗန္ဓုလ၏လက်ထောက် မြဝတီမင်းကြီး ဦးစ၏ရာထူး မှာစစ်ကဲ ဖြစ်သည်။ ထို့ ကြောင့်စစ်ကဲ ဆိုသည် မှာ ( Second in Command ) ဒုတိယ စစ်သေနာပတိဖြစ်သည်။ ဗိုလ်မှူးနှင့် စစ်ကဲအောက်ရှိရာထူး သို့ မ ဟုတ် တတိယ အကြီးဆုံးစစ်ဗိုလ်ကြီးကို ဗိုလ်ချုပ်ဟု ခေါ်သည်။  ဗိုလ်ချုပ်၏အောက်ရှိ ရာထူးကို ဗိုလ်မင်း ဟုခေါ်သည်။

ရခိုင်စကားတွင် ဗိုလ်မင်း (ရခိုင်သံဖြင့်ဗိုလ်မောင်း) သည် မျိုးနွယ်စုတခု၏အကြီးအကဲ (ဝါ)  နယ်တနယ် ၏အကြီးအကဲ၊ စော်ဘွား သဘောမျိုးဖြစ်သည်။ ရခိုင်တို့ကအနောက်ပြည်ဟုခေါ်သော စစ်တကောင်း တောင်တန်းဒေသရှိ ရခိုင်အများစုနေရာ ဌာနကို “ဗိုလ်မင်းထောင်” (ဗိုလ်မောင်းထောင်) ဟုခေါ်ပြီးနယ်၏ အကြီးအကဲ ဗိုလ်မင်း (ဗိုလ်မောင်း) ကို ဘင်္ဂလားဒက်ရှ်အစိုးရက နယ်တနယ်၏အကြီး အကဲ၊ စော်ဘွား အဖြစ်အသိအမှတ်ပြုရသည်။ “ဗိုလ်မင်းထောင်”၊ “ဖလန်ထောင်”၊ “သက်ထောင်”စသောနယ်များရှိသည်။

ဗိုလ်မှူး နှင့် ဗိုလ်ချုပ် လွဲမှားဘာသာပြန်မိခြင်း

ပြန်ကောက်ရသော် မြန်မာဘုရင်ခေတ်ကတပ်မတော်တွင်ဗိုလ်မှူးသည် ဗိုလ်ချုပ်၊ ဗိုလ်မင်းတို့ ထက် ရာထူးကြီးမြင့်သည်။ မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ်မှစ၍ ဗြိတိသျှကိုလိုနီဖြစ်သွားပြီး မြန်မာစစ်တပ်များ မရှိတော့ပေ။ ဗြိတိသျှတို့ ဖွဲစည်းသော ဘားမားရိုင်ဖယ်စစ်တပ်တွင်လည်း ဗမာ နှင့် အခြားဗုဒ္ဒဘာသာဝင် တိုင်းရင်းသားများကို ဝင်ခွင့်မပြု ၊ စစ်ပုလိပ်တပ်တွင်လည်း ဝင်ခွင့်မပေး၊ တပ်သားအများစုမှာ ခရစ်ယာန် ဘာသာသို့ ပြောင်းဝင်ထားပြီး ဖြစ်သော ချင်း၊ ကချင်နှင့် ကရင်များသာဖြစ်သည်။ သို့ရာတွင်၎င်းတို့သည်  King’s Commission ခေါ် ဘုရင်က တိုက်ရိုက်ခန့်သည့် ရာထူးများကိုမရဘဲ  (Governor General’s Commission ) ခေါ် ဘုရင်ခံချုပ်ကခန့်သည့် ရာထူးများကိုသာရခဲ့ကြသည်။ ၎င်းရာထူးများမှာ အခေါ် အဝေါ်ကွဲသလို ရသည့်လစာများလည်း ခြားနားကြပါသည်။ ဘုရင်ခံချုပ်ကခန့်သည့် စစ်ဗိုလ်၊ စစ်သား များကို ဂျမဒါ။ ဆူဗေဒါ ။ ရိုင်ဖဲမင်း စသည်ဖြင့်ခေါ်ပြီး King’s Commission ကခန့်သည့် စစ်ဗိုလ်များမှာ နိုင်ငံတကာအခေါ်အဝေါ်အတိုင်း လက်ဖ်တင်နင်။ ကက်ပတိန်။ မေဂျာ စသည့်ရာထူးများဖြင့် ပိုကောင်း သောလစာနှင့် အခွင့်အရေးများ ရကြပါသည်။ ဗြိတိသျှများသည် ဗုဒ္ဒဘာသာဝင်များ၊ အထူးသဖြင့် လူများ စု ဗမာများကို လုံးဝအယုံအကြည်မရှိ၊  လက်နက်ကိုင်ဆောင်ခွင့်ပေးလိုစိတ်မရှိခဲ့ပေ။

ပထမကမ္ဘာစစ်ကြီးဖြစ်လာသောအချိန် (၁၉၁၄ – ၁၉၁၈) စစ်သားများအလွန်လိုအပ်လာသောအခါတွင်မှ ဗမာများကို ပထမဆုံးအကြိမ် အဖြစ် စစ်ထဲဝင်ခွင့်ပြုသည်။ ထိုမြန်မာစစ်သားများမှာလည်း တိုက်ခိုက်ရေး တပ်သားများမဟုတ်၊ ဆေးတပ်သား များ (Medical Corps) နှင့် “ဆပ်ပါမိုင်းနားတပ်” (Sapper and Miners) ခေါ် ဗုံးထောင်ဗုံးရှင်းရေး တပ်သားများသာဖြစ်သည်။ ၎င်းတို့ ကို ယခုခေတ် အရှေ့အလယ်ပိုင်း ဟုခေါ်နေသည့် “မက်ဆိုပိုတေး မီးယား” စစ်မြေပြင်သို့ စေလွှတ်သည်။ နာမည်ကျော် သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်သည် “မက်ဆို ပိုတေးမီးယား” စစ်မြေပြင်တွင် ဆေးတပ်သား ဖြစ်ခဲ့ဘူးသည်။ ရတောင့်ရခဲ King’s Commission ရာထူးကိုလည်း ဗုဒ္ဓဘာသာဝင်ထဲမှ ၄ဦးကို ချီးမြှင့်ခဲ့သည်။ နောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အကြံပေးဖြစ်လာမည့် ဦးတင်ထွဋ်မှာ ၎င်းလေးဦးထဲမှ ၀ါ အရင့်ဆုံးစစ်ဗိုလ်ဖြစ် သည်။ (၁၉၄၈ ခု လွတ်လပ်ရေးရပြီးခါစက ဦးတင်ထွဋ်သည် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသည်။ ရောင်စုံ သူပုန်များ များပြားလာ၍ ၁၉၄၈ ခု ဩဂုတ်လကုန်တွင် မိမိဆန္ဒအလျောက် ကဲဘိနက်ဝန်ကြီးအဖြစ်မှ  နှုတ်ထွက်ခဲ့ပြီး “သောင်းကျန်းမှုနှိမ်နင်းရေးတပ်”ကို ဗိုလ်မှူးချုပ်ရာထူးဖြင့် ဦးစီးခဲ့သည်။ ၁၉၄၈ ခု စက်တင် ဘာလ ၁၇ ရက် ည ၁၁နာရီအချိန်တွင် ဗိုလ်အောင်ကျော်လမ်းရှိ သူအယ်ဒီတာချုပ်လုပ်သော New Times of Burma သတင်းစာတိုက်ရှေ့၌  နိုင်ငံရေးရန်သူများ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်။ အကြောင်းစုံကို ကြေးမုံဦးသောင်း၏ “သန်းထွန်းရေ ဗိုလ်ချပ်တင်ထွဋ်လာပြီဟေ့” Voice of Burma 624, September 23, 2007, Page 4 တွင်ကြည့်ပါ။)

ထို့ ကြောင့် ၂၀ ရာစု အစပိုင်းတွင်ဖွားမြင်သော မြန်မာလူမျိုးများသည် မြန်မာစစ်တပ်၏ ရာထူးအဆင့် အတန်းနှင့်အခေါ်အဝေါ်များကို မသိတော့ချေ။ ရလာဒ်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ၁၉၄၁ ခုနှစ်တွင် ဂျပန်အကူအညီဖြင့်တည်ထောင်သောအခါ ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် ရဲဘော်၃ကျိပ်ဝင်တို့ သည် ရှေးရိုး အစဉ်အလာ မြန်မာစစ်ရာထူးများကို မသိ တော့ချေ။ ထိုကြောင့် ဗိုလ်ချုပ်ကို အကြီး ဆုံးရာထူးဟုထင်မိကာ၊ ဗိုလ်မှူးကို “မေဂျာ” အဆင့်နှင့်သာ ဘာသာပြန်ခဲ့မိကြသည်။ ထိုကြောင့်လည်း ဗိုလ်မှူးအောင်ဆန်း ဖြစ်ခဲ့ရမည့်အစား ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ခဲ့ရသည်။

မြန်မာအဘိဓာန်အကျဉ်းချုပ်၌လည်း “ဗိုလ်မှူး”ကို ဗိုလ်ကြီးအထက် ဒုတိယဗိုလ်မှူးကြီးအောက်ရာထူး ဟု သာရှင်းပြထားပြီးယခုခေတ် မြန်မာအင်္ဂလိပ် အဘိဓာန် အားလုံးလိုလို၌ပင် ဗိုလ်မှူးကို “မေဂျာ”ဟုသာ အဓိပ္ပါယ်ပေးထားရကား  မြန်မာသက္ကရာဇ် ၁၁၈၆ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ ၊ ဘကြီးတော် ဘုရားပြန် သောအမိန့်  “မဟာဗန္ဓုလ အားဗိုလ်မှူးအဖြစ်ခန့် အပ်ပြီးရာမူး ပန်းဝါ စစ်မျက်နှာသို့ ချီစေရမည်” ဟူသော အပိုဒ်ကို “Maha Bandoola is promoted to the rank of Field Marshal” ဟုဘာသာပြန်ရမည့်အစား ၎င်း အဘိဓာန်ကို အသုံးချ၍ဘာသာပြန်လိုက်ပါက “Maha Bandoola is promoted to the rank of Major ဟုသာပြန်ကြပေတော့မည်။ မြန်မာစာပေနှင့်သမိုင်း ကျွမ်းကျင်သူများအတွက်မှာမူ ဖဦးထုပ်ကို ရမရစ်ဘဲစသတ်ကာ “အမလေး၊ ဖစ်မှဖစ်ရလေ၊ ဒုက္ခပါဘဲ၊ ငါတို့ စစ်သူကြီး မဟာဗန္ဓုလ ခမျာတော့ သေပြီး အနှစ် ၂၀၀ လောက်ကြာမှ ရာထူးချ ခံနေရပါပကော” ဟုသာငြီးငြူရတော့မည်လား မသိပေ။

ဗိုလ်ချုပ်မှူးကြီး၊  ဒုတိယဗိုလ်ချုပ်မှူးကြီးဆိုသည့်ရာထူးများ

ဗိုလ်ချုပ်မှူးကြီး၊  ဒုတိယဗိုလ်ချုပ်မှူးကြီးဆိုသည့်ရာထူးများမှာလည်း ၁၉၈၈ ခုနောက်ပိုင်းမှပေါ်လာသော ရာထူးများနှင့်အခေါ်ဖြစ်သည်။  Senior General, Vice Senior General ဆိုသောစကားလုံးများကိုလည်း အင်္ဂလိပ် အဘိဓာန်များ၌မတွေ့ရပေ။ Wikipedia ၌လည်းမပါပါ။

ယခင်က “ဖီးမာရှယ်” ကို စစ်သူကြီး ဟုသာဘာသာပြန်သည်။ ပထမ ကမ္ဘာစစ်အတွင်းက ထင်ရှားသည့် “ဖီးမာရှယ်” ကြီးများဖြစ်သော ဂျာမနီမှ ဟင်ဒင်ဘုဂ် Paul von Hindenburg ၊ ပြင်သစ်မှ မာရှယ်ပေတန်း Philippe Pétain ၊ ဒုတိယကမ္ဘာစစ်အတွင်းက ကျော်ကြားသည့် “ဖီးမာရှယ်”များဖြစ်သော မောင်ဂိုမာရီ Bernard Montgomery  (ဗြိတိသျှ) “၊ ရုမ်းမဲလ် Erwin Rommel (ဂျာမန်)၊ တေရာအုချိ Hisaichi Terauchi (ဂျပန်)၊ ဇူးကော့ဗ် Georgy Zhukov (ရုရှား) တို့ ကိုလည်း စစ်သူကြီး ဟုသာဘာသာပြန်သည်။

တခါတရံဗိုလ်ချုပ်မှူးဟုလည်းရေးသည်။ သို့ သော်ဗိုလ်ချုပ်မှူးဆိုသောဝေါဟာရမှာ အသုံးမတွင်။ ကမ္ဘာ့ သမိုင်းစာအုပ်များ၌လည်း ဗြိတိသျှစစ်သူကြီး  မောင်ဂိုမာရီ၊ ဂျာမန်စစ်သူကြီး ရုမ်းမဲလ် ဟုသာရေးသည်။ အမေရိကန်စစ်တပ်တွင် “ဖီးမာရှယ်”ဆိုသောရာထူးမရှိ၊ ကြယ်ငါးပွင့်တပ် ဗိုလ်ချုပ်ကြီး ရာထူးများသာ ရှိ သည်။ ၎င်းတို့ ကို Five Star General ဟုသာခေါ်သည်.။ Senior General ဟုမခေါ်။ ဗိုလ်ချုပ်ကြီး မက် အာသာ Douglas MacArthur နှင့်ဗိုလ်ချုပ်ကြီး အိုင်ဆင်ဟောင်ဝါ Dwight D. Eisenhower တို့ မှာ ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီးများဖြစ်သည်။ ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီးရာထူးကိုလည်း စစ်ကြီးများဖြစ်နေချိန်၌ သာ တပ်ပေါင်းစုဦီးမှူးရာထူးယူရမည့်သူကိုသာပေးသည်။  စစ်ကြီးများမဖြစ်သောအချိန်တွင် ကြယ်လေး ပွင့်ဗိုလ်ချုပ်ကြီးရာထူးများသည် အမြင့်ဆုံးစစ်ရာထူးဖြစ်သည်။

Wikipedia ၏အဆိုအရ “ဖီးမာရှယ်”နှင့်ကြယ်ငါးပွင့်ဗိုလ်ချုပ်ကြီးရာထူးထက်မြင့်သော အကြီးဆုံး စစ်ဗိုလ် ကြီးကို Generalissimo ဟုခေါ်သည်။  လူပြိန်းနားလည်အောင် အလွယ်ဆုံးအရှင်းဆုံးပြောရလျှင်
Generalissimoဂျင်နရယ်လစ်ဇီမို  ဆိုသည်မှာ “စစ်ဘုရင်”၊ “စစ်အာဏာရှင်” သာဖြစ်သည်။ တရုတ်ပြည် မှ ချန်ကေရှိတ်နှင့် စပိန်မှ ဖရန်ကို တို့ မှာ Generalissimo များဖြစ်သည်။ သို့ သော်၎င်းတို့ အမည်ကို မြန် မာ လို ရေးသောအခါ ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်၊ ဗိုလ်ချုပ်ကြီး ဖရန်ကိုသို့ မဟုတ် ဂျင်နရယ် လစ်ဇီမို ချန် ကေရှိတ်၊ ဂျင်နရယ်လစ်ဇီမို ဖရန်ကို စသဖြင့်သာရေးခဲ့သည်။ ထို့ ကြောင့် Senior General ဗိုလ်ချုပ်မှူး ကြီး ဆိုသည့် ရာထူးနှင့်အခေါ်မှာ မြန်မာပြည်၌သာ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ထွင်ခဲ့သော ရာထူးနှင့် အမည် ဖြစ်သည်။

ဦးနေဝင်းခမျာမှာ ထိုရာထူးနှင့်အခေါ်ကို မထွင်ခဲ့မိသဖြင့် သေရွာမှနောင်တရကောင်းရမိနေပေလိမ့်မည်။ သူကောင်းစားခဲ့စဉ်ကဗိုလ်ချုပ်ကြီးနေဝင်းဟုသာအခေါ်ခံခဲ့ရပြီး ဗိုလ်ချုပ်မှူးကြီးနေဝင်း သို့ မဟုတ် Senior General Ne Winဟုအခေါ်မခံခဲ့ရဘဲ သေရွာလားခဲ့ရခြင်းကြောင့်ဖြစ်သည်။ အကယ်၍သာ အနာဂတံသ ဉာဏ်တော်ရခဲ့သောရဟန်းတော်တပါးပါးကသော်၎င်း၊ ပုဂ္ဂိုလ်ထူးတဦးဦးကသော်၎င်း သူ့တပည့်များသည် တရုတ်ဇာတ်ထဲကလို “စူ့ထက်စူ လူစွမ်းကောင်း” လုပ်ပြကာ ဆရာ့ထက်လက်စွမ်းပြတော့မည်ကို ကြိုမြင် ခဲ့ရပြီးဟောထားခဲ့ပါက မည်သူ့ကိုမျှ “ဗိုလ်မထား” လိုခဲ့သော ဗိုလ်နေဝင်းသည် ဂျင်နရယ် လစ်ဇီမို နေဝင်း ဟုအခေါ်ခံခဲ့ကောင်းခံခဲ့ပေလိမ့်မည်။

“ဗိုလ်”ဟူသောဝေါဟာရကို စစ်တပ်ပိုင်သဘောမျိုးလုပ်လာကြခြင်း

၁၉၆၂ ခုနှစ်နောက်ပိုင်းတွင်မူ “ဗိုလ်”ဟူသောဝေါဟာရကို စစ်တပ်ပိုင် သဘောမျိုးလုပ်လာကြသည်ကို ထင်ထင်ရှားရှားတွေ့ နိုင်ပေသည်။ ဥပမာ ယခင်က “ဗ” နှင့် “ဗိုလ်”ဟုရေးခဲ့ သော မျက်နှာဖြူများကို “ဘ” ဖြင့် “ဘို” ဟုပြောင်းရေးစေသည်။ ဗိုလ်ဖြူ ၊ ဗိုလ်နီ၊ ဗိုလ်မောင်၊ ဗိုလ်ကြီး၊ ဗိုလ်မ ၊ စသော လူအမည်များ ကိုလည်း “ဘ” ဖြင့် ပြောင်းကာ ဘိုဖြူ ၊ ဘိုနီ၊ ဘိုမောင်၊ ဘိုကြီး။ ဘိုမ ဟုသတ်ပုံပြောင်းလဲ ရေးစေသည်။ သို့ရာတွင် မျက်နှာဖြူ “ဗိုလ်” နှင့်ပတ်သက်ပြီးပေါ်ပေါက်လာသော ဗိုလ်စားပဲ ၊ ဗိုလ်စားငှက် ၊ ဗိုလ်ကေ၊ ဗိုလ်တဲ ၊ ဗိုလ်ထိုင်အိမ်သာ စသော အသုံးအနှုံးများကိုကား “ဗ” နှင့် “ဗိုလ်”ဟု ယခင်က အတိုင်းသာရေး နေသဖြင့် ယင်းသတ်ပုံကျမ်းဝိရောဓိဖြစ်နေပုံမှာ “လယ်ပြင်ဆင်သွားသလို” ထင်ရှားနေပေသည်။ ၎င်းပြင် မြန်မာသတ်ပုံကျမ်းများနှင့်အဘိဓာန်များတွင် “ဘို” ကိုမတွေ့ရပါ။  ရွှေဘို၊ မုဆိုးဘို တို့မှလွဲပြီး “ဘို” အသုံး အလွန်ရှားပါသည်။

မြန်မာဘာသာ၌ “ဗ” ရေးနည်း နှင့် “ဘ“ ရေးနည်းမှာ ရှေး ပဝေဏီကပင် ကွဲပြားခြားနားခဲ့ ပြီးဖြစ်သည်။ အသံထွက် တူသော်လည်း၊ စာလုံးပေါင်း မတူ၊ အများအားဖြင့် ပါဠိဘာသာ နှင့် အခြားဘာသာတို့ မှလာ သောစကားလုံးများကို “ဗ” ဖြင့်ရေးသည်။ “ဘ” ဖြင့်မရေးပါ။ ဥပမာ။ ဗုဒ္ဒ ၊ ဗာရာဏသီပြည်၊ ဗိမ္မိသာရမင်း၊ နိဗ္ဗာန်၊ အိုင်ယာလန်ပြည်မှ ဒဗ္ဗလင်မြို့ စသည်တို့ ကို “ဗ” ဖြင့် ရေးရသည်။ “ဘ” ဖြင့်မရေးရပါ။ လူ့ဘုံ၊ နတ်ဘုံ၊ စသည်တို့ သည် ဘုမ္မိ မှလာသဖြင့် “ဘ”ဖြင့်ရေးရမည်။ မြန်မာစာအရေးတွင် သေးသေးတင်နှင့် “မ”သတ်တူသည်၊ သေးသေးတင်ဆိုသည်မှာ “မ”သတ်ကိုအတိုကောက် ရေးထားခြင်းဖြစ်သည်။  ရွှေဘို ၊ မုဆိုးဘို စသည်တို့ ကို ဘကုန်းလုံးကြီးတင် တချောင်းငင် “ဘို” ဟုသာရေးသည်။ မည်သည့်အခါကမှ “ဗ” ဖြင့်မရေး။

မြန်မာတို့ တွင် ရေးတော့အမှန် ဖတ်တော့အသံ ဆိုသော စကားရှိသဖြင့် ဘ၊ ဖ၊ နှင့် ပ အချို့မကွဲသည့်  အရေးများရှိခဲ့ သည်။ ဥပမာ။ ကုလားပဲ၊ ဟု “ပ” ဖြင့်ရေးသော်လည်း၊ ကုလားဘဲဟု “ဘ” သံထွက်သည်။
သို့ ရာတွင် မတ်ပဲ၊ ပဲနီလေး၊ ပဲတောင့်ရှည် စသည်တို့ တွင် “ပ”သံသာထွက်သဖြင့်၊ သတ်ပုံ အမှန်မှာ “ပ” ဖြင့်ရေးကြောင်းထင်ရှားသည်။ ယခုခေတ်တွင် မှော်ဘီ ဟုရေးနေကြသောမြို့ ကို ယခင်က မွန်ဘာသာ အခေါ်အဝေါ် အတိုင်း မှော်ပီ ဟုသာရေးခဲ့သည်။ မှော်ပီဆရာသိန်း၏အမည်ပင် “ပ”ဖြင့်ပီထားခဲ့သည်။

“ဘ”နှင့် “ဖ”အရေးအသားများမှာလည်း ၁၉၅၀ ခုနှစ်များအထိ မကွဲပြားသေး။ ဥပမာ ယခုခေတ်ရေးနေ ကြသော ဖားသတ္တဝါ၊ ဖတ်စာ စသည်တို့ ကို ထိုခေတ်က “ဘား၊ ဘတ်စာ” ဟုသာရေးထားပြီး ဖတ်သော အချိန်တွင်မူ ရေးတော့အမှန်၊ ဖတ်တော့အသံဟုသောထုံးကို နှလုံးမူ ၍ “ဖ”သံဖြင့်၊ ဖတ်ရသည်။ အင်္ဂလိပ် ခေတ်က နံမည်ကြီးခဲ့သောဇာတ်မင်းသားကြီးဦးဘိုးစိန်က ၎င်း၏အမည်ကို “ဘ”ဖြင့်ပေါင်းခဲ့သော်လည်း အသံထွက်မှာ မူ “ဖ” အသံထွက်သည်။ ထိုခေတ်က ဝဇီရာဗုဒ္ဒိ ခေါ် သဒ္ဒါ ဘုရားဟု ဘွဲ့ ရခဲ့သော မြန်မာ စာပညာရှင်ကြီး ဦးဖိုးစိန်ကတော့ ”ဖ”သံထွက်သမျှကို “ဖ” ဖြင့်သာရေးစေလိုသဖြင့် “ဖဦးထုပ်” ဦးဖိုးစိန် ဟူသောဘွဲ့ ရခဲ့သည်။ စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်နှင့်နတ်မောက်ဘုန်းကျော်တို့သည်လည်း ၎င်းတို့ ၏ အမည်ကို “ဘ”ဖြင့်ပေါင်းခဲ့သော်လည်း အသံထွက်မှာ မူ “ဖ” အသံထွက်သည်။ ထို့ ကြောင့် “ဘ”၊ “ဖ၊” နှင့် “ပ” ရေးထုံးတို့ မှာ၊ အချို့ နေရာများတွင် ရောထွေးလျက်ရှိခဲ့သော်လည်း “ဗ” နှင့် “ဘ”ရေးထုံး မှာမူ ရောထွေးနိုင်စရာ အကြောင်းမရှိပါ။

စာတိုက်ဗိုလ်၊ လမ်းဗိုလ်၊ ဆည်ဗိုလ်၊ ဂါတ်ဗိုလ်၊ စသော အုပ်ချုပ်ရေး နှင့်စီမံခန့် ခွဲရေး တာဝန်ယူထား ရ သော အရပ်ဖက်ဌာနအရာရှိများအတွက် သုံးသော “ဗိုလ်”များကိုလည်း “စာတိုက်ဦးစီးမှူး”၊ “ဆည်ဦးစီး မှူး”၊   “စာတိုက်မှူး”၊ ဆည်မှူး” စသောဝေါဟာရသစ်များဖြင့်အစားထိုးလေသည်။ ကာကွယ်ရေးဗိုလ်၊ ကင်း ဗိုလ်စသည့် အခြား လက် နက်ကိုင်တပ်ဖွဲ့များမှ “ဗိုလ်”များကိုလည်း  ကာကွယ်ရေးမှူး၊ ကာကွယ်ရေး ခေါင်းဆောင်၊ ကင်းမှူး၊ ကင်းခေါင်းဆောင်စသောဝေါဟာရသစ်များဖြင့်အစားထိုးလေသည်။ ၁၉၅၀ ခုနှစ် များက “ရဲဗိုလ်ချုပ်” ဟုခေါ်ခဲ့ပြီး စစ်တပ်မှဗိုလ်ချုပ် (မေဂျာဂျင်နရယ်) အဆင့်ရှိသောရာထူးကိုလည်း အိမ်စောင့်အစိုးရခေတ်ကပင် “ဗိုလ်” မပါစေရတော့ဘဲ ရဲချုပ် ဟုပြောင်းလဲခေါ်ဝေါ်စေသည်။ ၁၉၆၂ ခု စစ်တပ်မှအာဏာသိမ်းပြီးနောက် လက်ရှိ ရဲချုပ်ကို ပင်စင်ပေးလိုက်ကာ ရဲချုပ်၏ရာထူးအဆင့်ကိုလည်း စစ်တပ်မှဗိုလ်မှူးချုပ်အဆင့်နှင့်သာညီသည်ဟု  အဆင့်တဆင့်ချကာ ပြောင်းလဲသတ်မှတ်လိုက်သည်။

မြန်မာစစ်ဗိုလ်များနှင့်အစိုးရသတင်းစာများသည် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများမှ အရာရှိများကိုလည်း “ဗိုလ်”တပ်၍ မခေါ်ကြတော့ပေ။ ဥပမာ ကရင်လက်နက်ကိုင်တပ်မှ”ဂျင်နရယ်” အဆင့်ရှိသူ ဗိုလ်မြကိုလည်း ဗိုလ်ချုပ်မြဟု “ဗ” နှင့်မရေးဘဲ ဘိုမြ ဟု “ဘ” ဖြင့် သာရေးလေသည်။ တခါ တရံ ရိုင်းပြ နှိမ့်ချစွာ “ငမြ” ဟုပင်ရေးခဲ့သေးသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ဗမာအစိုးရဘက်မှ ဆက်သွယ်ရေးအရာရှိ “ကာနယ်” လှမင်းက ကရင် “ဂျင်နရယ်” ဗိုလ်မြကို တွေ့ သောအခါ အန်ကယ်မြ ဟုသာ ခေါ်ခဲ့သည်။ ရုတ်တရက်ကြည့်လိုက်လျှင် ဗိုလ်မြက ဗိုလ်လှမင်း ၏ ဦးလေးအရွယ် ဖြစ်နေသဖြင့် အာရှ တိုက်သားထုံးစံအတိုင်း ယဉ်ကျေးမှုအရ အန်ကယ် ခေါ်သည် ဟုယူဆနိင်သော်လည်း၊ အမှန်မှာမူ မြန်မာစစ်တပ်မှ “ကာနယ်” တဦးက (၎င်းတို့ ၏ အယူအဆအရ) ကရင် သောင်းကျန်းသူ သူပုန်တပ်မှ အရာရှိကြီးကို ဗိုလ်ချုပ်ဟု မခေါ်လို ၍လည်းကောင်း ၊ အလေးမပြုလို၍လည်းကောင်း၊ ဖြစ်ဟန်ရှိသည်။ နောက်ပိုင်းတွင်ထိုစဉ်ကဝန်ကြီးချုပ်ဖြစ်နေသူ ဗိုလ်ခင်ညွန့် နှင့် ဗိုလ်မြတို့ ရန်ကုန်တွင် တွေ့ ကြရာ၌လည်း ဗိုလ်ခင်ညွန့် သည်ဗိုလ်မြအား ဖထီး (ကရင်ဘာသာဖြင့် အဘ သို့ မဟုတ် ဦးလေး) ဟုသာခေါ်လေတော့ သည်။ သည်တကြိမ်တွင်တော့ ဗိုလ်မြကလည်း ဗိုလ်ခင်ညွန့် ကို ဗိုလ်ချုပ်ကြီးခင်ညွန့် ဟုမခေါ်ဘဲ  ကရင် ဘာသာဖြင့် ဖိုးဒို ( တူမောင်၊ တူကလေး) ဟုခေါ်ကာ “ပါးကိုက် နားကိုက်” သဘောမျိုး တန်ပြန် အစွမ်းပြ လေတော့၏။

ဤနည်းဖြင့် ဗိုလ်ဟုသောဝေါဟာရမှာ ဗိုလ်နေဝင်းခေတ်မှစကာ စစ်တပ်တဦးတည်းပိုင်စကားလုံးအဖြစ် တဖြည်းဖြည်း မောင်ပိုင်စီးခြင်းခံရလေတော့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းအရ အုပ်ချပ်သောအစိုးရတက်လာနိုင်စေရန် ကြိုးပန်းမှုများကို ” မြန်မာနိုင်ငံ၏ ဒုတိယလွတ်လပ်ရေးတိုက်ပွဲ” ဟုပြောပါသည်။ ၎င်းအဆိုအမိန့် မှန် ကြောင်း အရှင်းဆုံးဥပမာတခုကိုပြရပါက ဗြိတိသျှကိုလိုနီခေတ်ကလည်း မျက်နှာဖြူ “ဘောင်းဘီဝတ် ဗိုလ်”များနှင့်မျက်နှာဖြူမဟုတ်သောဘောင်းဘီဝတ် “ဗိုလ်ကြက်ချေး”များသည် “ကတ္တီပါဖိနပ်စီး ရွှေထီး ဆောင်း” ဟုဆိုရမည့် အခွင့်အရေးများကိုရခဲ့ကာ ၎င်းတို့ကိုပြည်သူပြည်သားများက သခင်ခေါ်ရပြီး ဘုရား ထူးနေရသောခေတ်ဖြစ်ခဲ့သလို ယခုခေတ် “ဒုတိယကိုလိုနီခေတ်” တွင်လည်း “ဘောင်းဘီစိမ်းဝတ်ဗိုလ်” များနှင့် “ဘောင်းဘီစိမ်းချွတ်ပြီး အချိတ်လုံချည်ဝတ်ထားသော ဗိုလ်ဟောင်း” များကို  ပြည်သူပြည်သား များက လက်အုပ်ချီ ကန်တော့နေရပြီး သူတို့အမိန့်မှန်သမျှကို “မှနှ်လှပါ။ လျှော်ကန် သင့်မြတ်လှကြောင်း ပါဘုရား” လုပ်နေရဆဲဖြစ်သောကြောင့်ပင်တည်း။

နိဂုံး။

လေးစားအပ်ပါသောစာရှုသူများခင်ဗျား …

နိဂုံးချုပ်ရာတွင် စာရေးသူအတွက် စဉ်းစားစရာများပေါ်လာပါသဖြင့် အောက်ပါပုစ္ဆာများကို လေးစားအပ် ပါသော စာရှုသူများအတွက်ထားခဲ့ပါသည်။ အဖြေပေးပါရန်ပါခင်ဗျား။

( ၁) “ဖီးမာရှယ်” သည် ကြယ်လေးပွင့်ဗိုလ်ချုပ်ကြီးရာထူးထက်မြင့်သည်။  “ဖီးမာရှယ်” ထက်မြင့်သော အကြီးဆုံးစစ်ဗိုလ်ကြီးကို Generalissimo ဟုခေါ်သည်ဟုဆိုထားချက်ရှိရာ ဒုတိယဗိုလ်ချုပ်မှူးကြီးဆို သည့် ရာထူးကလည်း  ကြယ်လေးပွင့်ဗိုလ်ချုပ်ကြီးရာထူးထက်မြင့်သော်လည်း ဗိုလ်ချုပ်မှူးကြီးဆိုသည့် ရာထူး၏အောက်တွင်ရှိသဖြင့် မြန်မာပြည်မှ ဒုတိယဗိုလ်ချုပ်မှူးကြီး ဆိုသည့်ရာထူးသည် “ဖီးမာရှယ်” အဆင့်ရှိပြီး ဗိုလ်ချုပ်မှူးကြီးဆိုသည့်ရာထူးက Generalissimo အဆင့်ဟုပင်ယူဆရတော့မည်လော။

(၂) မေးခွန်းအမှတ်တစ်ကို “ဟုတ်သည်၊ ညီသည်”ဟုဖြေခဲ့ပါက အဘယ့်ကြောင့် အပြည်ပြည်မှလူတကာ  နားလည်နိုင်သော “ဖီးမာရှယ်”နှင့် Generalissimo ဟုမခေါ်ဘဲ Vice Senior General နှင့် Senior General ဆိုသောဝေါဟာရသစ်များထွင်ခဲ့ရပါသနည်း။

( ၃)  Generalissimo ဂျင်နရယ်လစ်ဇီမို ဆိုသည်မှာ “စစ်ဘုရင်”၊ “စစ်အာဏာရှင်” ဖြစ်သဖြင့် လူ ကြား  ကောင်းအောင် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ရာထူးအမည်သစ်များကိုထွင်လိုက်ခဲ့ခြင်းပင်လော။

(၄)  မေးခွန်းအမှတ်တစ်ကို  “မဟုတ်ပါ” “၊ မညီပါ” ဟုဖြေခဲ့ပါက “Promotion to the rank of Field marshal or Five Star General required extraordinary military achievement by a general such as a wartime victory.” (“ဖီးမာရှယ်” သို့မဟုတ် ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီးရာထူးရရှိရန်  ကြယ် လေးပွင့် ဗိုလ်ချုပ်ကြီးတယောက်သည် စစ်ရေးပြောင်မြောက်ထူးချွန်မှုတခုခု၊ ဥပမာ စစ်ဖြစ်နေချိန် အရေး ပါသော တိုက်ပွဲကြီးတခုကို ရွတ်ရွတ်ချွန်ချွန်အောင်မြင်ခြင်း စသည့် အရည်အချင်းတို့ကိုပြသခဲ့ပြီးဖြစ်ရ မည်) ဟု ဆိုထားသည့်အချက်နှင့် ငြိနေသဖြင့် (ဝါ) မညီသောကြောင့်  “ဖီးမာရှယ်” နှင့် Generalissimo ဟု မခေါ်ခဲ့ခြင်းပင်လော။

ကျမ်းကိုး။

1.    Department of the Myanmar Language Commission, Myanmar English Dictionary, Yangon,1993
2.    Maung Htin Aung, A History of Burma, Columbia University Press, 1967
3.    U Tin Htway, Word-Borrowing and Word-Making in Burmese Language, South Asian Digest of Regional Writing, Vol. 4: Essays on Transliteration, University of Heidelberg, Germany, 1975
4.    ပါမောက္ခဦးဧမောင်၊ ပုဂံကျောက်စာလက်ရွေးစင်၊ ရန်ကုန်၊ ၁၉၅၈
5.    မြန်မာစာဌာန၊ မြန်မာအဘိဓာန်အကျဉ်းချုပ်၊ ရန်ကုန်၊ ၁၉၉၁။
6.    နတ်မောက်ဘုန်းကျော်၊ ရှေးခေတ်မြန်မာ့တပ်မတော်မှတ်စုများ၊ စာပေဗိမန်၊ ရန်ကုန်၊ ၁၉၆၇

မှတ်ချက်။ ကဝိလက္ခဏာသတ်ပုံကျမ်းလာ သတ်ပုံသတ်ညွှန်းများကိုသာသုံးထားပါကြောင်း။


နီဂျူလိုင် (မိုးမခ) ဧပြီ ၁၈၊ ၂၀၁၅

ဘယ်မအေရိုးမှ မကောင်းပါဘူး

ဘယ်မအေရိုးမှ မကောင်းပါဘူး
ရေးသူ- သခင်ဘမောင်


ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ၁၂၄၇ ခုနှစ်မတိုင်မီ မြန်မာဘုရင် သီပေါမင်း လက်ထက် ပဒေသရာဇ်ခေတ်မှ ဗြိတိသျှနယ်ချဲ့ ခေတ်၊ ဂျပန်ဖက်ဆစ်ခေတ်၊ အင်္ဂလိပ် လွတ်လပ်ရေး ကျေညာပေးသော ခေတ်ထိ နှစ်ပေါင်းကိုးဆယ်မျှအတွင်း တိုင်းပြည် အုပ်ချုပ်သူ မင်း အစိုးရအမျိုးမျိုးတို့၏ အုပ်ချုပ်စိုးမိုးပုံတို့ကို ဖြတ်သန်းတွေ့သိခဲ့ ရသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ထို့ကြောင့် ကျွန်တော်တို့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် တွေ့ဆုံကြသည့်အခါ စပ်မိစပ်ရာ နိုင်ငံရေး၊ လူမှုရေး၊ စာပေရေးစသည်များကို ပြောကြရင်း ခေတ်အဆက်ဆက်တွင် ဆရာကြီး ဖြတ်သန်းတွေ့သိခဲ့ရသော မင်း အစိုးရများအနက် ပြည်သူတို့၏ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး စသည့်အကျိုးစီးပွါးများနှင့် ပတ်သက်၍ စီမံအုပ်ချုပ်ပုံတို့သည် မည်သည့်အစိုးရ ခေတ်၊ မည်သည့်အစိုးရလက်ထက်တွင် ကောင်းမွန်၍ မည်သည့်အစိုးရခေတ် မည်သည့်အစိုးရ လက်ထက်တွင် ဆိုးဆိုးဝါးဝါး ဖြစ်ပါသလဲဟု မေးမြန်းကြပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အထက်ပါအမေးစကားကို အောက်ပါပုံပမာကလေး ဖြင့် မိန့်ဆို ဖြေကြားပါသည်။

အုပ်ကျစ်ကျော်အေး မန္တလေးတည်ဆိုတော့ အုပ်က ၁၊ ကျစ်က ၂၊ ကျော်က ၂၊ အေးက ၁၊ အစဉ်အလိုက်ချကြည့်ရင် ၁၂၂၁ ဖြစ်တယ်။ အဲဒီ ၁၂၂၁ ခုနှစ်ဟာ ရတနာပုံ မန္တလေးမြို့ကို မင်းတုန်းဘုရင်ကြီး တည်ဆောက်ခဲ့တဲ့ နှစ်ဖြစ်တယ်။ မန္တလေးမြို့ တည်ဆောက်တာနှင့် မန္တလေးနန်းတည်ဆောက်တာ တချိန်တည်း တနှစ်တည်းတော့ မဟုတ်ဘူး။ နန်းတော်ကြီးကို ၁၂၂၉ မှာ တည်ဆောက်ပြီး၊ ကျုံးမြို့ရိုးအစရှိတဲ့ မြို့တော်ကြီးကို ၁၂၂၁ ခုနှစ်မှာ စတင် တည်ဆောက်တယ်။ မြို့ တော်တည်ဆောက်မဲ့နေရာကိုတော့ ၁၂၁၈ ခုနှစ်ကစပြီး၊ တောရှင်း မြေညှိလုပ်ငန်းတွေ လုပ်ကြတာပေါ့။ ဒါပေမယ့် မှတ်သားလို့ လွယ်အောင်ဆိုပြီး ကျုံးမြို့ ရိုး ပနက်ချတည်ဆောက်တဲ့ သက္ကရာဇ် ၁၂၂၁ ခုနှစ်ကို အုပ်ကျစ်ကျော်အေး မန္တလေးတည် လို့ ခေါ်တွင်ခဲ့ကြတယ်။

မင်းတုန်းမင်းသားဟာ ၁၂၁၄ ခုနှစ်မှာ အာဏာရရှိခဲ့တယ်။ အာဏာရရှိတာကို အမှန်တကယ်ပြောရရင် အိမ်ရှေ့မင်းသား ကနောင်မြို့ စားရဲ့ သတ္တိရှိမှုနဲ့ လုပ်ရည်ကြံရည် ပါဝင်ခဲ့တဲ့အတွက်ဆိုရင် မမှားပါဘူး။ အိမ်ရှေ့ မင်းသားဆိုတာက ၁၃၀၀ပြည့် အရေးတော်ပုံခေတ်မှာ တို့ဗမာအစည်းအရုံးဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သခင်ထိပ်တင် ကိုယ်တော်ကြီးရဲ့ အဖိုးဖြစ်တယ်။

စကားစပ်မိလို့ သခင်ထိပ်တင်ကိုယ်တော်ကြီးအကြောင်း နဲနဲပြောရအုံးမယ်။ သူ့ရဲ့ အိမ်ရှင်မဇနီးက တို့သီပေါဘုရင်ရဲ့ တတိယ သမီးတော်ပေါ့။ သီပေါဘုရင်က မင်းတုန်းဘုရင်ရဲ့ သားဖြစ်တော့ တတိယသမီးတော်ဟာ မင်းတုန်းဘုရင်ရဲ့ မြေးပေါ့ကွယ်။ ညီတော်နောင်တော် အရင်းဖြစ်ကြတဲ့ အိမ်ရှေ့မင်းသားရဲ့မြေး သခင်ထိပ်တင်ကိုယ်တော်ကြီးနှင့် မင်းတုန်းဘုရင်ရဲ့ မြေး တတိယသမီးတော်တို့ဟာ တကယ်ဆိုတော့ မောင်နှမ နှစ်ဝမ်းဘဲကွဲကြသေးတာကလား။ သူတို့နှစ်ဦး လက်ထပ်တဲ့ကိစ္စမှာ ဆရာလဲ တော်တော်ကူညီ ဆောင်ရွက်ပေးခဲ့ဘူးပါတယ်။

တို့ဗမာအစည်းအရုံးက ဆရာတို့ပါဝင်ပြီး နာယက တာဝန်ထမ်းဆောင်တဲ့အခါ သူလဲ တော်တော်ကူညီအားပေးဘော် ရလာတယ်။ သူ့အနေနဲ့ အိမ်ရှေ့မင်းရဲ့မြေး၊ သီပေါဘုရင် သမက်ဖြစ်ပေမဲ့ ပဒေသရာဇ်စိတ် မရှိရှာပါဘူး။ ဆင်းရဲသား ပစ္စည်းမဲ့များ အတွင်းမှာပဲ အရောတ၀င် ဆက်ဆံနေထိုင်လိုတဲ့ ဆန္ဒရှိတာကို သိရတယ်။ နေလဲနေတယ်။
တို့ဗမာအစည်းရုံးကြီးရဲ့ စည်းရုံးရေးကိစ္စအတွက် မုံရွာအထက် ကနီကနဲတို့ မင်းကင်းတို့ဆိုတဲ့ မြို့ရွာတွေကို ဆရာတို့ သွားကြတဲ့အခါ ပထမတခေါက်တုန်းကဆိုရင် ဆေးဖော်ကြောဖက် သိပ်မရှိပါဘူး။ သခင်အသင်းဝင်ထားတဲ့ လူလောက်ပဲ သင်္ဘေဆိပ်က ဆီးကြိုကြ၊ ဆရာတို့ဆီ လာမေးကြ မြန်းကြတာဘဲ။ တရားပွဲတို့ ဆွေးနွေးပွဲတို့ ဆိုရင်လဲ ကြက်ပွဲငှက်ပွဲလောက်တောင် မစည်ပါဘူး။

ဆရာတို့လဲ စိတ်မကျေနပ်တာနဲ့ နောက်တခေါက် ထပ်သွားကြပြန်တယ်။ အဲဒီအခါ ထိပ်တင်ကိုယ်တော်ကြီးကို ခေါ်သွားပြီး အိမ်ရှေ့မင်းရဲ့မြေး၊ သီပေါဘုရင်ရဲ့ သမက် မင်းသားထိပ်တင်ကိုယ်တော်ကြီး ပါတယ်လို့ သတင်းလွှင့်လိုက်တယ်။ အဲဒီသတင်းလဲ ကြားရော တောရောမြို့ပါဆိုသလို မင်းသားကို ကြည့်ချင်မြင်ချင်ကြတဲ့အတွက် ဆရာတို့ကို သင်္ဘေဆိပ်က လာကြိုကြတာ ကမ်းညွတ်မတတ်ပါဘဲ။ တရားပွဲတွေလဲ ၀က်ဝက်ကွဲပါဘဲ။ ကျွေးမွေးဧည့်ခံလိုက်ကြတာလဲ မပြောပါနဲ့။ ဗိုက်ခွေးနမ်းမတတ် ဆိုသလိုပါဘဲ။ သူ့အကြောင်း ပြုပြီး တို့ဗမာအစည်းအရုံးရဲ့ စည်းရုံးရေးအားဟာလဲ တော်တော်တက်လာတယ်။ အသင်းဝင်တွေလဲ များလာတယ်။

ထိပ်တင်ကိုယ်တော်ကြီးက ပဒေရာဇ်စိတ်၊ ရှင်ဘုရင်စိတ် မပေါက်ပေမယ့် လူရုပ်လက္ခဏာ ပုံသဏ္ဍာန်ကတော့ ရှေးကလူတွေအမြင်နဲ့ဆိုရင် တကယ်ထီးမူနန်းဟန် ပါတယ်လို့ ဆိုကြတာပေါ့။ အသားအရေလဲကောင်း လူရည်လဲသန့်တယ်။ အလုံးအရပ်ကလဲ လူတန်းစေ့ဖြစ်ပြီး၊ တော်တော်ခန့်ညားချောမောတဲ့ ပုဂ္ဂိုလ်တဦးပါဘဲ။ သူလဲ အဲဒီ ကနီကနဲက အပြန် သိပ်မကြာပါဘူး။ သခင်အသင်းဝင်ဖြစ်ပြီး သူ့အမည်ရှေ့က သခင်ဆိုတာ တိုးလိုက်လို့ သခင်ထိပ်တင်ကိုယ်တော်ကြီးရယ်လို့ ဖြစ်လာတော့တာဘဲ။

အေး..အေး.. ခုတင်က စကားဆက်ရအောင်၊ မင်းတုန်းမင်းသား အာဏာရရှိတယ် ဆိုတာ ညီတော်အိမ်ရှေ့မင်းသားရဲ့ လုပ်ရည် ကြံရည် အများအပြား ပါဝင်ခဲ့ခြင်းကြောင့် ဆိုရင် မမှားပါဘူး။ နောင်တော် ပုဂံမင်းလက်ထက် အမရပူရမြို့မှာ မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသားတို့ နေထိုင်ကြတဲ့အခါ ပုဂံမင်းရဲ့ အိမ်တော်ပါများနဲ့ အချို့မှူးမတ်များက မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့ ရှိနေကြရင် သူတို့ သြဇာမကြီးမှာ သူတို့သဘောကျ မလုပ်ကြရမှာ တွေကို စိုးရိမ်ပြီး လုပ်ကြံပစ်ကြဘို့ ကြံစည်ကြတယ်။ အဲဒါကို ညီတော်ကနောင်မင်းသားက ရိပ်မိလေတော့ ၁၂၁၄ ခုနှစ် ပြာသိုလမှာ သားမယား အချွေအရံများပါ အမရပူရက မတ္တရာ၊ အဲဒီကမှ အနောက်ဖက်ကူးပြီး ရွှေဘိုအထိ ထွက်သွားကြတယ်။

ရွှေဘိုရောက်တော့ မင်းတုန်းမင်းသားကို အေးအေးဆေးဆေး နေရစ်စေပြီး ကနောင် မင်းသားက ဗိုလ်ပါရဲမက်များကို ဦးစီးပြီး အမရပူရကို ရက်ပေါင်းလေးဆယ်ကျော် ၀ိုင်းရံလုပ်ကြံတော့မှ ၁၂၁၄ ခုနှစ်တပေါင်းလထဲမှာ အောင်မြင်တယ်။ အောင်မြင်ပြီးတဲ့နောက်မှ ရွှေဘိုက နောင်တော်မင်းတုန်းမင်းသားထံ အကြောင်းကြားတယ်။ အဲဒီအခါ မင်းတုန်းမင်းသားက နောင်တော်ပုဂံမင်းနှင့်မိဖုရားရော အချွေအရံများပါ ရွှေဘိုသို့ ခေါ်လာစေပြီး ဘေးတော် အလောင်းမင်းတရားကြီးရဲ့ ရွာနေဖြစ်တဲ့ ရွှေဘိုမြို့မှာ ထီးနန်းစိုက်ဖို့ ကြံရွယ်တယ်။
ဒါပေမယ့် ဆရာတော်သံဃာတော်များ၊ မူးမတ်ပညာရှိများက အမရပူရမြို့ကို ပြန်လည်ထီးနန်းစိုက်တာက ပိုမိုသင့်မြတ်မည်ဖြစ်ကြောင်း အကြံပေးကြလို့ ရွှေဘိုမြို့ မှာ တနှစ်ကိုးလ ဆိုသလို နေပြီးမှ ၁၂၁၅ ခုနှစ် တန်ဆောင်မုန်းလမှာ အမရပူရမြို့ကိုပြန်ပြီး ထီးနန်းစံတယ်။ ညီတော်ကနောင်မင်းသားကို အိမ်ရှေ့မင်းအဖြစ်ခန့်တယ်။ နောင်တော်ပုဂံမင်း ကိုလဲ နန်းတော်ရဲ့ အရှေ့ မြောက်ဘက်မှာ သီးခြားအိမ်တော်နှင့် အိမ်နိမ့်စံအဖြစ် ချမ်းချမ်းသာသာ ထားတယ်။ တခါ အမရပူရမှာ သုံးနှစ်လောက်နေပြီးမှ အခု မန္တလေးမြို့တော်နေရာမှာ ယာယီစံနန်း ဆောက်လုပ်နေထိုင်ပြီး မန္တလေးနန်းတော်ကြီးနှင့် မြို့တော်ကိုပါ တည်ဆောက်နန်းစိုက်တယ်။

မန္တလေးမြို့နှင့် နန်းတော်ကြီးကို တည်ဆောက်ရာမှာ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေဟာ အသစ်စက်စက် သုံးသင့်တာသုံးပီး အမရပူရမြို့ဟောင်းက ပစ္စည်းတွေ သုံးသင့်တာ ထည့်သုံးရသေးတယ်။ အဲဒီလို အသုံးပြုနိုင်ရေးအတွက် ထီးနန်းဆိုင်ရာ အဆောင်အယောင် ပစ္စည်းတွေ၊ လွှတ်တော်ဗြဲတိုက်ကစပီး အုပ်ချုပ်ရေးဘက် စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၊ ဘာသာ သာသနာရေးဆိုင်ရာ အဆောင်အယောင်ပစ္စည်းတွေ၊ ဘဏ္ဍာတိုက်နှင့် စားနပ်ရိက္ခာ ကျည်တော်များမှ ပစ္စည်းတွေ၊ မင်းမိဖုရား သားတော်သမီးတော် နန်းတော်သူ နန်းတော်သား များရဲ့ အသုံးအဆောင်ပစ္စည်းတွေ စသဖြင့် ရွှေ့ ဘို့ပြောင်းဘို့ခဲယဉ်းတဲ့ အဆောက်အဦ အရာဝတ္ထုကြီးတွေကလွဲရင် အကုန်လိုလို ပြောင်းရွှေ့ ကြရတယ်။

အဲဒီလို ပြောင်းရရွှေရတဲ့အခါ ဆင်းရဲသား တောင်သူလယ်သမားများက သူတို့လှည်း များနှင့်သူတို့ အမရပူရမြို့ဟောင်းက မန္တလေးမြို့သစ်နေရာအထိ သယ်ယူပို့ဆောင်ပေးရတယ်။ သယ်ယူပို့ဆောင်ခရယ်လို့ နန်းတော်ကြီးက တနေ့တကျပ်ခွဲ သတ်မှတ်ပေးထားသတဲ့။ ဒါပေမဲ့ ခုခေတ်လိုပေါ့။ လှီးကြဖြတ်ကြတော့ ဆင်းရဲသားလှည်းသမားများလဲ တကျပ် ငါးမတ်ဆိုသလို ရကြတယ်။ ဒီအချက်ကို ဆင်းရဲသားလှည်းသမားများက မကျေနပ်ကြဘူး။ ကျယ်ကျယ်လောင် လောင်လဲ မပြောရဲကြတော့ တိုးတိုးတိတ်တိတ်ကြိတ်ပြီး ပြောကြသတဲ့။ မင်းနားတထောင် ဆိုတဲ့အတိုင်း အဲဒီလို တိုးတိုးတိတ်တိတ် ပြောတာကိုပဲ နန်းတော်ကြီးက သိရလို့ အိမ်ရှေ့မင်းသားကိုယ်တိုင် ရုပ်ဖျက်ပြီး ဆင်းရဲသားလှည်းသမားများထံ သွားရောက်စုံစမ်းတယ်။

တနေ့တော့ အိမ်ရှေ့မင်းသားကြီးဟာ နေ့ခင်း ၁၂နာရီ လောက်မှာ ဆင်းရဲသား လှည်းသမားများ သစ်ပင်ရိပ်မှာ ထမင်းစားရင်း အနားယူနေတုန်း ချည်လုံချည်၊ ချည်အင်္ကျီ တဘက် (မျက်နှာသုတ်ပုဝါ) ခေါင်းပေါင်းကြီးနှင့် ဆင်းရဲသားလို ရုပ်ပြောင်းဝင်သွားသတဲ့။ ပီးတော့ လှည်းသမားကြီးများနှင့် ရောက်တတ်ရာရာ စကားများပြောရင်း အမရပူရ မြို့ဟောင်းက မန္တလေးမြို့သစ်ကို ပစ္စည်းတွေ သယ်ယူပို့ဆောင်ရတဲ့အတွက် တနေ့လှည်းခ ဘယ်လောက်ရ သလဲလို့ မေးမြန်းကြည့်သတဲ့။
အသက် ခြောက်ဆယ် ခွန်နှစ်ဆယ်ခန့်ရှိ အဖိုးကြီးတယောက်က နန်းတော်ကြီး ကတော့ တကျပ်ခွဲပေးဘို့ အမိန့်ချထားတယ် ဆိုတာပဲ။ ဒါပေမဲ့ ဘကြီးတို့ ရတော့ တကျပ် အလွန်ဆုံး ငါးမတ်ဆိုသလို ရသကွဲ့လို့ ဖြေကြားသတဲ့။

တခါ အိမ်ရှေ့မင်းသားက အဖိုးကြီးကို "ဘကြီးက အသက်ဘယ်လောက်ရှိပါပြီလဲ" လို့ ထပ်မေးတော့ အဘိုးကြီးက "ဘကြီးအသက်လား ခုနှစ်ဆယ် ဆိုပါတော့ကွယ်" လို့ ပြန်ဖြေ သတဲ့။

အိမ်ရှေ့မင်းသားက ဒီလိုဆို ဘကြီးဟာ မှန်နန်းရှင်တို့ ကုန်းဘောင်ဘုရင်တို့ ပုဂံဘုရင် တို့ကို ကောင်းကောင်းမီတာပေါ့နော်ဟု မေးလိုက်တဲ့အခါ အဖိုးကြီးက မီတာပေါ့မောင်ရဲ့။ မှန်နန်းရှင် ကုန်းဘောင်တို့တွင် ဘယ်ကမလဲ ဘိုးတော်ဘုရင်ကိုတောင် ဘကြီးတို့ ကောင်းကောင်းမီတာပေါ့ဟု ပြန်ပြောသတဲ့။

တဖန် အိမ်ရှေ့မင်းသားကဆက်ပြီး ဒါဖြင့် ဘကြီးရယ် ကျွန်တော်တို့ လူငယ်တွေ ဗဟုသုတအဖြစ် မေးပါရစေ၊ အခုမင်းတုန်း ရှင်ဘုရင်အထိပေါ့ဗျာ၊ အဲဒီ ဘကြီးမီခဲ့ တွေ့ကြုံခဲ့တဲ့ မင်းတွေ မင်းတွေခေတ်မှာ ဘယ်မင်းဘယ်လက်ထက်မှာ ဆင်းရဲသားများ တိုင်းသူပြည်သား များအတွက် ငဲ့ညှာထောက်ထားပြီး စားဝတ်နေရေး မျှတချောင်လည်အောင် ကောင်းကောင်း မွန်မွန် စီမံအုပ်ချုပ်ပါသလဲ။ ဘယ်မင်းလက်ထက်မှာ ဆင်းရဲသားများ တိုင်းသူပြည်သားများ အပေါ် ငဲ့ညှာထောက်ထားခြင်းမရှိဘဲ မကောင်းတဲ့ အပြုအမူတွေနှင့် ဆိုးဆိုးဝါးဝါး အုပ်ချုပ်ပါသလဲဆိုတာ သိပါရစေခင်ဗျာလို့ မေးလိုက်သတဲ့။

အဲဒီအခါကျတော့ အဖိုးကြီးက မျက်နှာကြီး ရှုံ့မဲ့လိုက်ပြီး အင်း မေးမှမေးတတ်ပလေ တူမောင်ရာ၊ သူတို့ ကြားအောင်တော့ မပြောရဲပါဘူး၊ ဘကြီးတွေ့ခဲ့သမျှ သိခဲ့သမျှတော့ မင်းဆိုတဲ့အကောင်တွေဟာ ဘယ်မအေရိုးမှ မကောင်းပါဘူးကွဲ့၊ မယားကြီးမယားငယ် မယားမြှောင် အမျိုးမျိုးယူပြီး သူတို့သားမယား ဆွေမျိုးတစု ကောင်းစားရေး၊ စည်းစိမ်အမျိုးမျိုး ခံနိုင်ရေး၊ သြဇာအာဏာ ကြီးမားရေးအတွက် လုပ်ကြတာပါဘဲ။ တို့ ဆင်းရဲသားတောင်သူ လယ်သမား အလုပ်သမားတွေကတော့ သူတို့ကောင်းစားရေးအတွက် အစတေးခံဘ၀က မတက်ကြရပါဘူးလို့ ပြောလိုက်တဲ့အခါ အိမ်ရှေ့မင်းသားကြီးလဲ နောက်ထပ်ဘာမျှ မမေးရဲတော့ဘဲ အသာထပြန်လာခဲ့ရသတဲ့။

ယခုခေတ်မှာလဲ ဆရာတွေ့ကြုံခဲ့ရသမျှ မင်းအစိုးရဆိုတဲ့ အကောင်တွေဟာ အဲဒီဆင်းရဲသား လှည်းသမားကြီး ပြောသလိုဘဲ။ ပြည်သူလူထု ကောင်းကျိုးကို အဓိကထား လုပ်ကြတာ မတွေ့ရသေးပါဘူး။ တအိမ်ထောင်၊ ကားတစီး တိုက်တလုံး၊ တလ၀င်ငွေ ရှစ်ရာဆိုတာလဲ သူတို့ တစုအတွက်ပါဘဲဟု ပြောဆိုကာ ရယ်မောနေပါတော့သည်။

{သခင်ဘမောင်စုဆောင်းတင်ပြတဲ့-သခင်ကိုယ်တော်မှိုင်း တင်စားပြောသောပုံပြင်များ-စာအုပ်၊ ဒုတိယအကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီ၊ မှ ကူးယူဖော်ပြပါတယ်။}

တို့ဗမာသီချင်း၏ အဓိပ္ပါယ်

" တို့ဗမာသီချင်း၏ အဓိပ္ပါယ် "
(သခင်ဘသောင်းကိုယ်တိုင် ဖွင့်ဆိုသည်)

တို့ဗမာသီချင်းသည် တို့ဗမာအစည်းအရုံး၏ ဝါဒက အဆီအနှစ်ထုတ်ပြထားသော တေးဂီတဖြစ်သည်။ ထို့ကြောင့် တို့ဗမာအစည်းအရုံး၏ သဘောထားကို သိနိုင်ရန် တို့ဗမာသီချင်း၏ အဓိပ္ပါယ်ကို နားလည်ရန် လိုလိမ့်မည်။ တို့ဗမာသီချင်းသည် သီချင်းတမျိုးဖြစ်သည်မှာ မှန်သော်လည်း၊ ရိုးရိုးသီချင်းများနှင့် လားလားမျှ မတူ။ ထို့ကြောင့် တို့ဗမာသီချင်းကို သီချင်းဟုပင် ခေါ်ထိုက်ပါ့မလားဟု သံသယဖြစ်ဘွယ်ရှိသည်။ တို့ဗမာသီချင်းသည် မယ်ဘွဲ့၊ မောင်ဘွဲ့၊ အချစ်ဘွဲ့၊ အလွမ်းဘွဲ့ သီချင်း မဟုတ်။ ယောက်ျား နှင့် မိန်းမ သစ္စာနှံ နှစ်ပါးသွား သီချင်းလည်း မဟုတ်။ အမယ်လေး အဘလေး တပြီး ငယ်သံပါအောင် အော်ငိုဘို့ ငိုချင်းလည်း မဟုတ်။ အချုပ်ဆိုသော် တို့ဗမာသီချင်းသည် ကြောက်စိတ်ဝင်နေသူတို့အား ကြောက်စိတ်ပျောက်စေပြီး၊ မျိုးချစ်စိတ်ကင်းမဲ့နေသူတို့အား မျိုးချစ်စိတ်ရှိလာစေလျက် အမျိုးသားအကျိုးကို ဆောင်ရွက်ရကောင်းမှန်း မသိသူတို့အား အမျိုးသားအကျိုးကို ဆောင်ရွက်လာအောင် လှုံ့ဆော်ပေးနိုင်သော သီချင်းထူးတမျိုးပင် ဖြစ်သည်။

အချို့သဘောပေါက်သူတို့က  တို့ဗမာသီချင်းကို နိုင်ငံရေးကမ္မဝါသီချင်းဟု ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် မြို့ရွာတခုခုအတွင်းသို့ အစိမ်းသရဲများ ဝင်လာသောအခါ၊ ရဟန်းတော်များက ကမ္မာဝါကို ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုလိုက်ကြလျှင် အဆိုပါအစိမ်းသရဲများသည် ထွက်ပြေးကြရသည့်နည်းတူ ဗမာပြည်တွင်းဝင်၍ ဗမာလူမျိုးတို့၏ဂုတ်ပေါ်တွင် ခွစီးနေကြသော အင်္ဂလိပ် အစိမ်းသရဲများကို ဗမာပြည်မှ ဆောလျင်စွာ ထွက်ပြေးစေရန်အတွက် ဒေါမန်ပါပါနှင့် ရွတ်ဆိုရသော ကမ္မဝါသီချင်းဖြစ်သောကြောင့် ဖြစ်သည်။

ယခုအခါ တို့ဗမာသီချင်းက ဘယ်လိုဆိုသလဲကြည့်ကြမည်။ တို့ဗမာသီချင်းက "တကောင်း အဘိရာဇာ တို့ဗမာသာကီမျိုးဟာမို့ မညိုးဂုဏ်တေဇာ၊ ယိုးဒယားနှင့် ကုလားကိုပါ၊ တိုက်ခိုက်ခါ အောင်ခဲ့တာ တို့ဗမာ" လို့ အစချီတယ်။ အဓိပ္ပါယ်က ငါတို့ဗမာတွေဟာ လောလောဆယ်အဖို့တွင် အင်္ဂလိပ်လက်အောက်၌ ကျွန်များဖြစ်ပြီး ညှိုးညှိုးငယ်ငယ်ဖြင့် နေကြရသော်လည်း ယိုးဒယားကိုလည်း စစ်တိုက်လို့ အောင်ခဲ့ဘူးသည်။ ကုလားကိုဆိုယင်လဲဘဲ ဘင်ဂါ ပန်းဝါ၊ ဒါက၊ မောက်သူဇာထိအောင် စစ်တိုက်လို့ နိုင်ဘူးတဲ့ တကောင်းအဘိရာဇာမင်းလက်ထက် သာကီဝင်မင်းမျိုးမှ ထယ်ထယ်ဝါဝါနှင့် ဆင်းသက်လာခဲ့တဲ့ လူမျိုးများဖြစ်လို့ တန်ခိုးကြီးတဲ့ လူမျိုးများဖြစ်သည်ဟု ဖြစ်သည်။

"ယိုးဒယားနှင့် ကုလားကိုပါ တိုက်ခိုက်ခါ အောင်ခဲ့တာ"ဟု ဆိုခြင်းမှာ သမိုင်းဖြစ်ချက်အမှန် ဖြစ်သည်။ ဤအပုဒ်မှာ လက်ငင်းဂုဏ်ယူစရာ လက်မဲ့ဖြစ်နေသော ဗမာလူမျိုးများအား အတိတ်က ဂုဏ်တေဇာရှိခဲ့ဘူးသည့်အဖြစ်ကို စမြုံ့ပြန်၍ အားတက်လာစေရန် ကိုယ့်ကိုယ်ကို အားပေးသော အပုဒ်ဖြစ်သည်။ နောက်ပြီး တို့ဗမာသီချင်းက ဆက်၍ " စိန်မှန်ကင်းစစ်၊ အဖြစ်ကြီး ဖြစ်လျက်၊ ထင်းတလှည့်ကြုံရ၊ ထုံးနဲ့မသွေ၊ လောကဓမ္မတာပေ၊ ငါတို့ကံခေ၊ ဖြစ်ရပြန်သလေ"လို့ ဆိုပြန်သည်။ ဤအပုဒ်မှာ "လောကမှာ ဘယ်သူမဆို မှန်ကင်းတလှည့်၊ ထင်းတလှည့်ဆိုသလို၊ မြင့်သည့်အခါမြင့်၊ နိမ့်သည့်အခါနိမ့်ကြစမြဲ ဖြစ်သည်။ ဒါဟာ ဓမ္မတာဘဲ၊ ဝမ်းနည်းနေစရာ မဟုတ်ဘူး။ ကြံ့ကြံ့ခံပြီး တရားရှိကြရမည်"လို့ ကိုယ့်ကိုကို နှာနှပ်ပေးသော အပုဒ်ဖြစ်သည်။ ထိုအချိန်က ဗမာတို့၌ အခြားဘယ်သူကမျှလာပြီး နှာနှပ်ပေးမည့်သူ မရှိ။

ပြီးတော့ တို့ဗမာသီချင်းက " သို့သော် အရင်းကိုစစ်လျှင် ဗမာပြေ ငါတို့ .... ပြေ " လို့ ဆိုပြန်သည်။ ဤအပုဒ်ရဲ့ အဓိပ္ပါယ်ကတော့ ဗမာတွေက၊ ကိုယ့်ကိုကို နှာနှပ်လို့ သတိကလေး နည်းနည်းပြန်ရလာတော့၊ ဒေါမာန်တက်လာပြီး ငါတို့ဟာ အခုလောလောဆယ်အဖို့မှာ အင်္ဂလိပ်ရဲ့ကျွန်ဖြစ်ပြီး မျက်နှာငယ်နေရပေမဲ့၊ အရင်းအမြစ်ကို စစ်ကြည့်လိုက်တော့၊ ဗမာပြည်ဟာ အင်္ဂလိပ်ကောင်တွေ ပိုင်တဲ့ပြည်မဟုတ်ဘူး။ ငါတို့ဗမာတွေ ပိုင်တဲ့ ပြည်ဘဲ၊ ငါတို့ပြည်ကို တနေ့ကျရင် ငါတို့ပြန်ရရမှာဘဲလို့ ကြိမ်းဝါးသံပေးလိုက်ခြင်း ဖြစ်သည်။

ပြီးတော့ တို့ဗမာသီချင်းက " နောင်ဥဒါန်း ဘယ်မကြေစရာ၊ ရာဇဝင်တင်ထား၊ မျိုးရိုးနွယ်လာ၊ ကမ္ဘာတခွင်မှာဖြင့်၊ ဗမာအထင်အရှား၊ တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား၊ တို့ဗမာ၊ တို့ဗမာ မဟုတ်လေသလား" လို့ ဆိုပြန်သည်။ အဓိပ္ပါယ်ကတော့ "ငါတို့ဟာ ကမ္ဘာတခွင့်မှာ သမိုင်းအစဉ်မပျက် ထင်းရှားလာခဲ့တဲ့ လူမျိုးများ ဖြစ်သည်။ ကမ္ဘာသာ ကြေချင်ကြေမည် ငါတို့ဂုဏ်သတင်းသည် ဘယ်အခါမှ ပျောက်ကွယ်လိမ့်မည် မဟုတ်။ အဲသည်လို ရာဇဝင် ထင်ရှားတဲ့ မျိုးရိုးဖြစ်ပါလျက်၊ အခု ငါတို့ခေတ်ကျတော့မှ ညံ့နေကြတော့မှာလား တို့ဗမာတို့၊ ငါတို့ ဗမာ မဟုတ်ကြဘူးလား။ ဗမာဆိုဒါဟာ ဘယ်တော့မှ မညံ့ဘူး"ဟု ကိုယ့်ကိုကိုယ် ဝမ်းနည်းသံဖြင့် အားပေးခြင်း ဖြစ်သည်။

ပြီးတော့မှ တို့ဗမာသီချင်းက (တို့ဗမာ၊ ငါတို့ဗမာ)၂ ဒါငါတို့ဗမာ၊ ဒါငါတို့ဗမာ" လို့ ဆက်ဆိုပြန်သည်။ အဓိပ္ပါယ်ကတော့ "တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား တို့ဗမာ"လို့ သနားစရာအသံနှင့် ကိုယ့်ကိုကိုယ် ပြန်မေးတဲ့ အခါမှာ ဗမာများက သတိရလာပြီး၊ မာန်တက်လာကြလို့၊ ငါတို့ဟာ ဗမာတွေကွ၊  ငါတို့ဟာ ဗမာတွေကွ၊ ဗမာဆိုတာဟာ ဘယ်တော့မှ မညံ့ဘူးကွ ဘယ်တော့မှ မညံ့ဘူးကွလို့  ဟိန်းဟောက်လိုက်ကြခြင်း ဖြစ်သည်။

ပြီးတော့ တို့ဗမာသီချင်းက " အားလုံးညီညီ၊ ယောက်ျားဘသား တို့ဗမာ"လို့ ဆက်ဆိုပြန်သည်။ အဓိပ္ပါယ်က ငါတို့ဟာ ဗမာများဖြစ်သည်နှင့် အညီ  ယောက်ျားပီသရမည်၊ ကျားကျားယားယား ရှိကြရမည်၊ အားလုံး တသွေးတစိတ်တည်း ရှိကြရမည်ဟု ဖြစ်သည်။

ပြီးတော့ တို့ဗမာသီချင်းက ဆက်ပြီး ဆိုပြန်သည်။ နားထောင်ကြည့်စမ်းပါ။ " နောင်လာ နောက်သား ကောင်းစားဘို့ရာ၊ တို့ကိုယ်ကျိုးလုံးလုံးမပါ"လို့  အဓိပ္ပါယ်ကတော့ ငါတို့ဟာ တကိုယ်တကာယ အကျိုးအတွက် လုံးလုံး မလုပ်ရဘူး။ နောင်လာနောက်သား ကောင်းစားဘို့အတွက်သာ လုပ်ရမည်။ ဥပမာဆိုလျှင် ထန်းပင်စိုက်ခြင်းသည် စိုက်သူကောင်းစားဘို့ မဟုတ်၊ နောက်လူများ ကောင်းစားဘို့ အတွက်သာ ဖြစ်သကဲ့သို့ ဖြစ်သည်။  " နောင်လာ နောက်သား ကောင်းစားဘို့ရာ၊ တို့ကိုယ်ကျိုးလုံးလုံး မပါ" ဆိုသော သဘောတရားသည် အလွန့်အလွန် မြင့်မြတ်သော တရားပင် ဖြစ်သည်။ တော်တော့လူများ ကျင့်သုံးနိုင်မည့် သဘောတရားမျိုး မဟုတ်။ အကယ်၍  " နောင်လာ နောက်သား ကောင်းစားဘို့ရာ၊ တို့ကိုယ်ကျိုးလုံးလုံးမပါ" ဆိုသော တရားကို နှလုံးသွင်း၍ ရွက်ဆောင်ကြမည်ဆိုလျှင် တယောက်လည်ပင်း တယောက်ဓားတင်ကြသော စားကျက်လုပွဲကြီးများ ဖြစ်ပေါ်နိုင်လိမ့်မည် မဟုတ်။

ပြီးတော့ တို့ဗမာသီချင်းလ " ရဲရဲ ဗမာပီပီ၊ ဗမာပြည် တို့ဗမာဘို့ပါ"ဟု ဆက်ဆိုပြန်သည်။  အဓိပ္ပါယ်ကတော့ ငါတို့တွေဟာ ဗမာပီပီ ရဲကြရမည်။ ဗမာဆိုတာ ဇာတိကိုက ရဲသည်။ ကြောက်သည်ဆိုသော စကြားကို နားမလည်၊ ကြောက်မွှေးများ မတော်တဆပတ်နေလျှင် တချောင်းစီ၊ တချောင်းစီ ဇာဂနာနှင့် ဇပ်ကနဲ ဇပ်ကနဲ ဆွဲနုတ်ပစ်ရမည်။ ဗမာပြည်ဟာ အင်္ဂလိပ်တို့ရဲ့ ပြည်မဟုတ်ဘူး။  အခြား ဘယ်နိုင်ငံခြားသားတို့ရဲ့ ပြည်မှလည်း မဟုတ်ဘူး။ ငါတို့ ဗမာတွေချည်း ပိုင်တဲ့ပြည်။ အဲဒါကြောင့် နင်တို့ အင်္ဂလိပ်တွေလဲ ဗမာပြည်က ပြန်ကြတော့"လို့  ဖြစ်သည်။ တမျိုးဆိုသော် အင်္ဂလိပ်တို့ကို ဗမာပြည်က ကြုံရာ သင်္ဘောနှင့် အမြန်ဆုံး ထွက်ခွာသွားရန် လူသိရှင်ကြား နှင်လိုက်ခြင်း ဖြစ်သည်။ ဤသိအင်္ဂလိပ်တို့ကို  နှင်လိုက်ရာတွင် ပုဆိုးခြုံထဲက လက်သီးနှင့်  နှင်ခြင်း မဟုတ်။အင်္ဂလိပ်တို့က ဗမာပြည်တွန် အလွန်အခြေခိုင်ပြီး တန်ခိုးကြီးနေစဉ်၌ သူတို့၏ မျက်နှာကို စေ့စေ့ကြည့်ပြီး ရင်ဆိုင်ကာ နှင်လိုက်ခြင်း ဖြစ်သည်။ တမျိုးဆိုသော် အင်္ဂလိပ်တို့ကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

ပြီးတော့ တို့ဗမာသီချင်းက ဆက်ပြီး " သခင်ကျင့်ကို ကျင့်ကြပါ၊ သခင်မျိုးဟေ့ တို့ဗမာ"လို့  ဆိုပြန်သည်။ အဓိပ္ပါယ်ကတော့ ဗမာတွေဟာ ကျွန်လို မကျင့်ရဘူး။ သခင်လို ကျင့်ရမည်။ ကျွန်လို မလုပ်ရဘူး။ သခင်လို လုပ်ရမည်။ ငါတို့ဟာ အခိုက်အတံ့အခါတွင် အဆင်မသင့်၍ အင်္ဂလိပ်တို့၏ ကျွန်များ ဖြစ်နေကြရသော်လည်း မျိုးရိုးဇာတိက ကျွန်တွေ မဟုတ်ဘူး။ သခင်တွေသာ ဖြစ်သည်။ သင်ခင်ဆိုတာ နေလည်း ရဲရဲနေသည်။ သေလည်း ရဲရဲသေသည်။ နောက်ဆုံး စက်တိုင်ကို တက်ရတောင် လက်ခမောင်း ခတ်တက်သည်။ ဝမ်းဝဘို့ ကိစ္စလေးတခုအတွက် ဘယ်သူ့ အလိုကိုမျှ လိုက်ပြီး ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရား မပြောဘူး။ ဟုတ်သည်ထင်လျှင် ဟုတ်သည်။ မဟုတ်ဘူးထင်လျှင် မဟုတ်ဘူးလို့  မကွယ်မထောင့် ရဲရဲကြီး ပြောတတ်သည်။ ကျွန်များကမူ ထိုသို့ မှန်သည့်အတိုင်း မပြောဝံ့။

ကျွန်များတွင် ကိုယ်ပိုင်အလိုဆန္ဒ မရှိ။ သူတို့သခင်၏ အလိုဆန္ဒကို ကျွန်များက သူတို့ကိုယ်ပိုင် အလိုဆန္ဒဟု သဘောထားကြသည်။ " ငါတို့တွင် ငါတို့ကိုယ်ပိုင် အလိုဆန္ဒ မရှိပါ။ ငါတို့သခင်၏ အလိုဆန္ဒဟာဘဲ ငါတို့ အလိုဆန္ဒ ဖြစ်ပါသည်"ဟု ကျွန်များက ပြောကြသည်။ အဲဒါကြောင့်မို့ "သခင်ကျင့်ကို ကျင့်ကြပါ။ သခင်မျိုးဟေ့ တို့ဗမာ"ဟု တို့ဗမာသီချင်းက ဆိုခြင်းမှာ ဗမာတွေဟာ သခင်မျိုးများ ဖြစ်ကြသည့်အတွက် သခင်မျိုးများပီပီ ကျွန်စိတ်တွေကို အမြစ်ကပါတူးပစ်၊ ( ကျွန်မွှေးများ ရှိလျှင်လည်း ဗျစ်ဗျစ်ပါအောင် ဆွဲနုတ်ကြပြီး) အစစအရာရာတွင် တည်ငြိမ်ခန့်ညားသော သခင့်ဣနြေ္ဒ ဖြင့် ရန်သူကပင် ရိုသေလေးစားလာလောက်အောင် ရဲရဲရင့်ရင့်ရှိကြရမည်ဟု အဓိပ္ပါယ်ရသည်။

ဤနေရာတွင် ကျွန်စိတ် အလွန်ဖိစီးနေသော အချို့သူများက တို့ဗမာအစည်းအရုံးနှင့် သက်ဆိုင်သူများက သူတို့ကိုယ်သူတို့ သခင်ခေါ်ကြခြင်းမှာ ဝင့်ဝါခြင်းကြောင့်၊ ဂုဏ်ပကာသနလိုလားခြင်းကြောင့် ဖြစ်သည်ဟု စွပ်စွဲကြဘူးသည်။ သို့သော် တို့ဗမာအစည်းအရုံး၏ အကျဉ်းချုပ်သမ္မာကျမ်းစာဟု ဆိုအပ်သော တို့ဗမာသီချင်းက "သခင်ကျင့်ကို ကျင့်ကြပါ၊ သခင်မျိုးဟေ့ တို့ဗမာ"ဟု အတိအလင်းဆိုသဖြင့် တို့ဗမာအစည်းအရုံးနှင့် သက်ဆိုင်သူတို့က သခင်အမည်ခံကြခြင်းမှာ သူတို့ချည်းသက်သက်ခွဲ၍ သခင်အမည်ခံကြခြင်း မဟုတ်၊ ဗမာတမျိုးလုံးကိုပါ သခင်မျိုးဟေ့ တို့ဗမာဟု ဆိုထားသဖြင့် တို့ဗမာအစည်းအရုံး၏ အာသီသမှ လူတစုကိုသာ သခင်ဇာတ်သွင်းဘို့မဟုတ်၊ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ဗမာမှန်သမျှ အကုန်လုံး သခင်ဇာတ်သွင်းဘို့ ဖြစ်သည်မှာ ထင်ရှားသည်။ ထိုအထဲတွင် သူတို့ကိုယ်တိုင်က ဘဝအဆက်ဆက်က ဖြည့်ကျင့်ဆည်းပူးခဲ့သော ကျွန်ပါရမီကြောင့် သူတို့သည် သခင်အခေါ်ခံထိုက်သူ မဟုတ်ကြောင်း၊ သူတို့နာမည်ရှေ့က သခင်တပ်၍ ခေါ်လိုက်လျှင် သူတို့သည် မတန်မရာပြုမိသည့်အတွက် ဝမ်းကျသေကြလိမ့်မည် အမှန်ပင်ဖြစ်သည်ဟု ယုံကြည်ကြသူများ ပါကြလိမ့်မည် မဟုတ်သည်ကို အသိအမှတ်ပြုကြရပေလိမ့်မည်။

ပြီးတော့ တို့ဗမာသီချင်းက "မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ စာမရီသွေး တို့ဗမာ"ဟု ဆိုပြန်သည်။ အဓိပ္ပါယ်ကတော့ ဗမာတွေဟာ အသက်သာ အသေခံချင် ခံမည်။ အမွှေးတချောင်း အကျွတ်မခံဘူး ဆိုသည့် စာမရီငှက်များလို စိတ်ဓာတ်မျိုး ရှိကြပြီး၊ ကမ္ဘာပေါ်မှာ သူတို့ထက်သာသော သူများရှိသည်ဟု အသိအမှတ် မပြုကြဘူးဟု ဖြစ်သည်။

ပြီးတော့ တို့ဗမာသီချင်းက ဆိုပြန်သည်။ " ကမ္ဘာမကြေ၊ ဗမာတတွေ၊ ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ၊  ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ၊ တို့ဗမာ တို့ဗမာပြေကို တိုင်းရင်းသား အကုန်အစင် တို့ပြေလို့  မှတ်ထင် တို့ဝတ္တရားပင် တို့ဗမာခင် " ၊ အဓိပ္ပါယ်ကတော့ ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိတဲ့ ဤကမ္ဘာမြေကြီးဟာ ကြေပျက်မသွားသမျှ ကာလပတ်လုံး ဗမာပြည်ဟာ ငါတို့ပိုင်တဲ့ ပြည်ဖြစ်သည်။ အဲဒါကြောင့်မို့ တို့ဗမာပြည်ကို ဗမာတိုင်းရင်းသား အကုန်လုံးက မြောက်ဖက် ပူတာအိုက တောင်ဖက် ဝိတိုရိယအငူအရောက်၊ အနောက်ဖက် အိန္ဒိယနယ်စပ်၊ အရှေ့ဖက် ယိုးဒယား၊ ကမ္ဘောဇ စသည့် နယ်စပ်အရောက် ဗမာပြည်တဝှမ်းလုံးကို တို့ပြည်တို့မြေ တို့အိမ်တို့ရွာလို့  မှတ်ကြရမည်။  တို့ဗမာတိုင်းရင်းသားတွေ အကုန်လုံးကို သွေးသားအရင်းအခြာလို ချစ်ခင်ကြဘို့တာဝန်မှာ ငါတို့ရဲ့ အဓိကတာဝန်ကြီးဖြစ်သည်ဟု ဖြစ်သည်။

ပြီးတော့ တခါ တို့ဗမာသီချင်းက " အမျိုးသားရေး ကြိုးပမ်းကြပါ၊  တို့ဗမာဟေ့  တို့ဗမာ"လို့  ဆိုပြန်သည်။ အဓိပ္ပါယ်ကတော့ ငါတို့ဟာ ငါတို့ အမျိုးသားတွေ အကုန်လုံးရဲ့ အရေးကို အမြဲတန်း ကြိုးစားပြီး ဆောင်ရွက်ရမည်။ ပေါ့ဆမနေကြရဘူးဟု ဖြစ်သည်။

ပြီးတော့ တို့ဗမာသီချင်းက " အရှေ့က နေဝန်းထွက်သည့် ပမာပ၊ တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ၊ တို့ဗမာဟေ့ တို့ဗမာ"လို့ ရှေ့ရေးကို တင်ကြို၍ နိမိတ်ဖတ်လိုက်သည်။ အဓိပ္ပါယ်မှာ ရောင်ခြည်တထောင်ဆောင်သော ဘာဏုရာဇာမည်သော နေမင်းကြီးသည် နံနက်တိုင်း နံနက်တိုင်း အရှေ့ဖက်မှ မပျက်မကွက် ဆက်ဆက်ကြီး ထွက်လာသကဲ့သို့ ငါတို့ဗမာဟာလဲ အင်္ဂလိပ်လက်အောက်က လုံးဝလွတ်လပ်ပြီး၊ တင့်တင့်တယ်တယ် ထယ်ထယ်ဝါဝါနှင့် နေနိုင်သောခေတ်ကို ရောက်ရမည်မှာလည်း အသေအချာပင် ဖြစ်သည်။ ပုဏ္ဏားကို မေးနေလျှင် ဆန်ကုန်ရုံဘဲရှိမည်ဟု ဖြစ်သည်။ ( ထို့နောက် တို့ဗမာသီချင်းက အဲသလို နိမိတ်ဖတ်ပြီး၍ အနှစ်နှစ်ဆယ်မှ မပြည့်ခင်၊ ၁၉၄၈ ခုနှစ်တွင် ဗမာပြည်သည်  အင်္ဂလိပ်လက်အောက်က လွတ်ပြီး၊ လွတ်လပ်သော အချုပ်အချာအာဏာပိုင်နိုင်ငံအဖြစ်သို့ ရောက်လာသည်။ )

ပြီးတော့  တို့ဗမာသီချင်းက " ဗမာပြည်တဝှမ်းအကုန် တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲဒါတို့ဗမာ"လို့   နိဂုံးချုပ်လိုက်သည်။ အဓိပ္ပါယ်က ငါတို့ဟာ  အင်္ဂလိပ်လက်အောက်က လွတ်ကြမည်မှာ သေချာသည်။ အဲဒါကြောင့်မို့ ငါတို့ဟာ ကိုယ့်အိမ်မှ အိမ်မှတ် ကိုယ့်ရွာမှ ရွာမှတ်ပြီး ချစ်တတ်ခင်တတ်သော ကျဉ်းမြောင်းသည့်စိတ်၊ နုံချာစိတ်ကလေးတွေကို ပယ်ဖျောက်ပြီး ဗမာပြည်တပြည်လုံးကို ကိုယ့်အိမ် ကိုယ့်ရွာလို့   မှတ်ပြီး ချစ်ကြရ၊ ခင်ကြရ၊ ကာကွယ်စောင့်ရှောက်ကြရမည်။ အဲဒါမှ ငါတို့ဟာ   တို့ဗမာဆိုတဲ့ မြင့်မြတ်တဲ့ အမည်နှင့် ထိုက်တန်ကြလိမ့်မည်ဟု ဖြစ်သည်။

တို့ဗမာအစည်းအရုံးသမိုင်းစာအုပ်မှ ကောက်နုတ်တင်ပြသည်။

3 Oct 2013

လက်အုပ်ချီ အရိုအသေပြုခိုင်းခြင်း



 

လက်အုပ်ချီ အရိုအသေပြုခိုင်းခြင်း
======================

၁၉၀၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ ရန်ကုန်ကောလိပ်ကျောင်းမှာပါ။ ကျောင်းသားတွေကို လိုက်စစ်တဲ့ အင်စပတ်တော်မင်းက အဋ္ဌမတန်း ကျောင်းသား ကျောင်းသူတွေကို လက်အုပ်ချီ အရိုအသေပေးဖို့ ဒါမှမဟုတ် လက်ပိုက်အရိုအသေပေးဖို့ ခိုင်းပါတယ်။ ကျောင်းသားတချို့က လက်အုပ်လဲ မချီကြပါဘူး။ လက်လဲ မပိုက်ကြပါဘူး။အဲဒီလို မလုပ်တာကိုပဲ အင်စပတ်တော်မင်းက အမိန့်မနာခံလို့ ဆိုပြီး ကျောင်းက ထုတ်ပစ်သတဲ့လေ။ ဒီတော့ ကျန်တဲ့ကျောင်းသား တချို့ကလည်း ကျောင်းမတတ်ကြတော့ဘူး။

ဒီကိစ္စနဲ့ ပက်သက်ပြီး ကျောင်းတွေမှာ ဆရာကို တပည့်က အရိုအသေပေးပုံ ပေးနည်းနဲ့ ပက်သက်ပြီး ဆွေးနွေးပွဲတခု ကျင်းပခဲ့တယ်။ နေရာက ရန်ကုန်မြို့ ဆူးလေလမ်းက ဝိတိုရိယခန်းမမှာပါ ။ အဲဒီဆွေးနွေးပွဲကို လူ ၄၀၀ လောက် တက်ရောက်ကြပြီး အဲဒီအထဲမှာ မြန်မာ အမျိုးသမီးတွေလည်း ပါတယ်လို့ ဆိုပါတယ်။။ အစည်းအဝေးက "ဦးတော်စိန်ခို" ကို သဘာပတိ တင်မြှောက်ကြပါတယ်။

တော်စိန်ခို ရေးခဲ့တဲ့ အတိုင်းကိုးကားရရင် " ရှိခိုးတယ်ဆိုတာ မူလဘူတက ယုံကြည်ကိုးကွယ်ခြင်းဆိုင်ရာ ဘာသာရေး ဗုဒ္ဓဘာသာဝင်တွေရဲ့ လက္ခဏာပါ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုပြီးတော့ ဘုရား တရား သံဃာကို ပူဇော်ကန်တော့ရာမှာ လက်ဝါးနှစ်ဖက်ကို ကြာဖူးသဏ္ဍန်ပူးယှက်လို့ နဖူးလက်တင် ရှိခိုးခဲ့ကြတာကိုး။ မြန်မာ့ ယဉ်ကျေးမှုမှာ အနန္တော အနန္တ ငါးပါးဆိုတာ ရှိပါတယ်။ ဘုရား တရား သံဃာ အပြင် ကျန်နှစ်ပါးက မိဘ နဲ့ ဆရာဆိုတာ မြန်မာတိုင်းသိကြပါတယ်။ အဲဒီ ငါးပါးမှ အပ မြန်မာတွေ လက်အုပ်ချီခဲ့ဖူးတာ ဘုရင်ပါ။

ဘုရင်ကို လက်အုပ်ချီတဲ့ သဘောက အနန္တော အနန္တ ငါးပါးကို လက်အုပ်ချီပုံနဲ့ ကွဲပါတယ်။ "ဦးတော်စိန်ခို" က အဲဒီအကြောင်းလေးကို ရေးရာမှာ ဘုရင်ဟာ ဘိသိတ်ခံရာမှာ ကျမ်းသစ္စာ ကျိမ်ဆိုခဲ့ရပါသတဲ့။ အဲဒီလို ကျိမ်ဆိုမှသာ အရှိခိုးခံထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်လာပါသတဲ့။ ဘယ်လို ကျိမ်ဆိုခဲ့ရသလဲ ဆိုတော့ သူဟာ သူ့စွမ်းရည်ရှိသမျှ ပြည်သူပြည်သားတို့ရဲ့ ကြီးပွါးရေး၊ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးတို့ အတွက် အကောင်းဆုံး ဆောင်ရွက်ပါမယ်။ အဓမ္မ အုပ်ချုပ်ခြင်း နဲ့ ဖိနှိပ်ခြင်းတို့ကို ရှောင်ကြဉ်ပါမယ်လို့ သစ္စာဆိုရပါမယ်။ ဆိုတဲ့ သစ္စာလည်း တည်အောင်ကျင့်ရပါတယ်တဲ့။ ဒါမှ ဘုရင်ဟာ အရှိခိုးခံထိုက်တဲ့ ပုဂ္ဂ္ဂိုလ် ဖြစ်ရတာပါ။ ပလ္လင်ပေါ်တက်ထိုင်လိုက်တာနဲ့ အော်တိုမစ်တစ် လက်အုပ်ချီခံထိုက်တဲ့သူ ဖြစ်မသွားဘူးဆိုတဲ့ မြန်မာတွေရဲ့ မင်းနဲ့ ပြည်သူ ဆက်ဆံရေး ဓလေ့ထုံးတမ်းလေးဟာဖြင့် မြန်မာဘုရင်တွေ စည်းမဲ့ကမ်းမဲ့ အုပ်ချုပ်တယ်ဆိုတဲ့ ဗြိတိသျှတို့ရဲ့ စွပ်စွဲချက်ကို ချေဖျက်လိုက်သလိုပါပဲ။

ဦးတော်စိန်ခိုက အရိုအသေပေးပုံနဲ့ ပတ်သက်ပြီး အစည်းအဝေးရဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြပါတယ်။ ပြီးတော့ ကျောင်းတွေမှာ ဆရာတွေကို အရိုအသေပေးပုံ ချမှတ်ဖို့ သဘောထားပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။

အစည်းအဝေး တတ်ရောက်လာတဲ့ ဦးမောင်ကြီးက အရိုအသေပေးပုံ နှစ်မျိုးကို သူသဘောမတူပါဘူးတဲ့။ တခုက ရင်မှာ လက်အုပ်ချီခိုင်းတာ သူသဘောမတူပါဘူးတဲ့။ နောက်တခုက လက်ကို အောက်စိုက်ချ ဖြန့်ထားတဲ့ လက်နှစ်ဖက်ကို ကြက်ခြေခတ်လို ယှက်ထားရတာ။ ဒီပုံစံ နှစ်ရပ်လုံးမှာ ဘာသာရေး သဘောပါတဲ့ အတွက် အဲဒီလို အရိုအသေပေးပုံ ပေးနည်းကို သဘောမတူပါဘူးတဲ့။

ဦးမောင်ကြီး ပြီးတဲ့အခါ ၈ တန်း ကျောင်းသားတချို့ကို စက်တင်ဘာလ ၁၂ ရက်နေ့က ကျောင်းထုတ်ပစ်လိုက်တဲ့ အမိန့်ကို ပယ်ဖျက်ပေးရင် မိဘတွေ ဝမ်းသာကြလိမ့်မယ်လို့ အဆိုတရပ် တင်ပြန်တယ်။ လက်အုပ်ချီ ရှိခိုးပြီး အရိုအသေပေးရတာကိုတော့ဖြင့် ဘယ်မိဘကမှ သဘောမတူကြပါဘူးတဲ့။ လက်အုပ်ချီ အရိုအသေပေးတာကို ရှိခိုးတယ်ဆိုတဲ့ အသုံးအနှုန်းရှိပေမယ့် လက်ပိုက် အရိုအသေပေးတာကို ခေါ်တဲ့ အသုံးအနှုန်းရယ်လို့ မြန်မာမှာ ရှိတာမှ မဟုတ်ပေပဲ။ ဒါကြောင့် ကျောင်းထုတ်တဲ့ အမိန့်ကို ပယ်ဖျက်ဖို့ ဦးဘလှိုင်က အဆိုတင်တာကို ဦးဖိုးချက်က ထောက်ခံပြီး တညီတညွတ်တည်း အတည်ပြုလိုက်ကြပါတယ်။

တခါ ဆရာဖျော်က အဆိုတရပ်တင်ပြန်တယ်။ ကျောင်းအုပ်ကြီး ဒါမှမဟုတ် ပညာရေးဌာနက အရာရှိတယောက် ကျောင်းခန်းထဲ ဝင်လာရင် မတ်တပ်ရပ်ခြင်း အားဖြင့် လုံလောက်တဲ့ ရိုသေကိုင်းရှိုင်းမှုကို ပြရာရောက်တယ်လို့ မိဘတွေက ထင်မြင်တဲ့ အကြောင်း၊ ဆရာတွေကို အပြင်မှာ တွေ့ရင် ကျောင်းသားက ခေါင်းအနည်းငယ်ညွတ်ပြီး အရိုအသေပေးတာကိုတော့ဖြင့် ကန့်ကွက်ဖို့ မရှိကြောင်း၊ အဲဒီအဆိုကို ဆရာဖျော်က အဆိုတင်ပြီး ဦးဘိုးမင်းက ထောက်ခံလို့ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုကြပြန်ပါတယ်။

နောက် ဆုံးဖြတ်ချက်တရပ်ကတော့ စာသင်နှစ်တနှစ် အတွင်းမှာ ပြီးခဲ့တဲ့နှစ်တွေက မလုပ်ရတဲ့ လုပ်ရပ်တခု ထည့်သွင်း လုပ်ခိုင်းလာတာဟာဖြင့် မျှတရာ မရောက်ဘူး။ အဲဒီလို လုပ်ချင်တယ်ရင် စာသင်နှစ် မစမီကတည်းက ကျောင်းသားမိဘတွေကို ကြိုတင် အသိပေးသင့်တယ်။ ဒါမှသာ မိဘတွေဟာ သူတို့သားသမီးတွေ ရှိခိုးရတာ မကြိုက်ဘူးဆိုရင် အဲဒီကျောင်းက နှုတ်ထွက်ပြီး ရှိမခိုးရတဲ့ ကျောင်းကို ပြောင်းထားနိုင်မှာ ဖြစ်တယ်လို့ ဦးဖိုးစိန်က အဆိုတင်သွင်းပြီး ဦးအောင်မြင့်က ထောက်ခံပါတယ်။ ဒီ ဆုံးဖြတ်ချက်ကိုလည်း အားလုံးက တညီတညွတ်တည်း အတည်ပြုလိုက်ကြပြန်ပါတယ်။

ဦးဖိုးစိန်က ဆက်ပြီး ကျောင်းသားတွေ ကျောင်းမတတ်တာဟာ ကျောင်းသားကြီးတွေ ဖြားယောင်းခြိမ်းခြောက်လို့ မဟုတ်ပါဘူးတဲ့။ မိဘတွေက သူတို့သဘောအတိုင်း သားသမီးတွေကို ကျောင်းမပို့တာ ဖြစ်ပါတယ်တဲ့။ မိဘတွေကရှိခိုးတဲ့ ပြသနာဖြေရှင်းအပြီးကို စောင့်နေကြတာပါတဲ့။ ဒီအဆိုကို ဘာလို့ ဦးဖိုးစိန် တင်ရသလဲ ဆိုတော့ အုပ်ချုပ်သူတွေက ကျောင်းသားငယ်တွေ ကျောင်းမတတ်တာကို ကျောင်းသားကြီးတွေရဲ့ အဖျက်အမှောက်လို့ စွပ်စွဲကြတာကြောင့်ပါ။ အစည်းအဝေးကို တတ်ရောက်လာသူတွေက ကလေးတွေ လက်အုပ်ချီ ရှိခိုးပြီး အရိုအသေ မပေးသင့်ဘူး။ အဲဒီလိုပဲ လက်ပိုက်အရိုအသေလည်း မပေးသင့်ဘူးလို့ တညီတညွတ်တည်း သဘောတူကြပါသတဲ့။

ကျွန်ပညာရေးစနစ်မှာ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို ဘယ်လိုပဲချိုးနှိမ် ချိုးနှိမ် ရှေးတုန်းက မြန်မာတွေကတော့ဖြင့် မခံခဲ့ကြပါဘူး။ တခြားတခြားသော အသက်မွေးဝမ်းကြောင်းတွေ မပြောနဲ့၊ အနန္တော အနန္တ ငါးပါးမှာပါတဲ့ ဆရာကိုတောင် လက်အုပ်ချီ အရိုအသေပေးတဲ့ သဏ္ဌန်ကို ငြင်းပယ်ခဲ့ကြတာပါ။

ရိုသေတာနဲ့ စိတ်ဓာတ်ချိုးနှိမ်တာ မတူပါဘူး။ စိတ်ဓာတ်ချိုးနှိမ်တဲ့ ဒါမှ မဟုတ် အတ္တဘဝင်မြောက်နေတဲ့ လူတွေက ပျပ်ဝပ်ရိုသေမှုကို တောင်းဆိုတတ်ပါတယ်။ ရိုသေတယ်ဆိုတဲ့ အဆင့်ထက် ပိုတဲ့ အပြုအမူ အနေအထိုင် အပြောအဆိုတွေကို တောင်းဆိုတတ်ကြပါတယ်။ တကယ်တော့ မြန်မာကလေးတွေ မြန်မာလူမျိုးတွေက ကိုယ့်ဆရာဆိုရင် ရိုသေတတ်ကြပြီးသားပါ။ အနန္တော အနန္တ ငါးပါးမှာပါတဲ့ ဆရာရဲ့ ဂုဏ်ကျေးဇူးဟာ ကြီးမားတယ်ဆိုတာ ရင်ထဲ သိပြီးသားပါ။ သို့သော်လည်း အဲဒီရိုသေမှုကို အဲဒီဓလေ့ ထုံးတမ်းစဉ်လာကို အခွင့်ကောင်းယူလို့ ကိုယ့်အထက်အရာရှိ ဗြိတိသျှကို မျက်နှာလိုအားရ လုပ်ပြီး ကျွန်ကောင်းပီပီ ကျွန်အပြုအမူ အပြည့်နဲ့ ကျောင်းသားတွေကို ခုတုံးလုပ် ခိုင်းစေကြတော့ ကျောင်းသားတွေက ဘယ်ငြိမ်ခံကြတော့မလဲ။ ဒါကြောင့် သခင်စိတ်ရှိတဲ့ ကျောင်းသားတွေဟာ အင်စပတ်တော်မင်း လက်အုပ်ချီခိုင်းလည်း လက်အုပ်မချီခဲ့ကြ၊ လက်ပိုက်ခိုင်းလည်း လက်မပိုက်ခဲ့ကြတာပါ။ အဲဒီ ကျောင်းသားတွေကို ကျောင်းထုတ်ပစ်လိုက်တော့ ကျန်တဲ့ ကျောင်းသားတချို့ကလည်း " ဒီလို ကျောင်းမျိုးမှာ ကျောင်းမတတ်ကြတော့ဘူးဟေ့" ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျောင်းမသွားပဲ နေခဲ့ကြတာ ဖြစ်ပါတယ်။ ပထမ ကျောင်းသားသပိတ် မပေါ်ခံတည်းက မြန်မာ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို ကောင်းကောင်း သိမြင်နိုင်တဲ့ အဖြစ်အပျက်လေးလို့ ဆိုရင်လည်း မမှားပေဘူးလို့ ထင်ပါတယ်။

လူမှုဆက်ဆံရေးမှာ စည်းရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံထဲမှာ ဘုန်းကြီးနဲ့ လူ၊ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်၊ မင်းနဲ့ ပြည်သူ အစရှိသဖြင့် သူ့စည်းနဲ့ သူ၊ သူ့ဝတ္တရားနဲ့ သူ ထိန်းသိမ်းစောင့်ရှောက် လိုက်နာကြရပါတယ်။ ငါကတော့ ဘုန်းကြီးမို့၊ ငါကတော့ မိဘမို့၊ ငါကတော့ ဆရာမို့ အရိုအသေ ခံထိုက်တာထက် ပိုပြီး ခံချင်တယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှုက ခွင့်မပြုပါဘူး။ ဒါ အင်မတန်ကောင်းတဲ့ မြန်မာတွေရဲ့ ဓလေ့စရိုက်တွေပါ။ ဟောဒီ အစည်းအဝေးကြီးက မြန်မာတွေရဲ့ ယဉ်ကျေးမှု ထုံးတမ်းလေးကို တဖက်က ထိန်းသိမ်းခဲ့တာ ဖြစ်သလို တဖက်ကလည်း ပေးသင့် ပေးထိုက်တဲ့ ရိုသေမှု ပုံစံမျိုးနဲ့ ပိုပြီးမပေးဖို့၊ အဲဒီလို မပေးခြင်းအားဖြင့် ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို ပိုနိမ့်ကျသွားအောင် မလုပ်ဖို့ ဂရုစိုက်ခဲ့တဲ့ ကျောင်းသားမိဘတွေရဲ့ သမာသမတ်ကျတဲ့ အမြင်ဟာလည်း ချီးကျူးနှစ်သက်စရာပါ။ မြန်မာတွေရဲ့ သခင်စိတ်ဓာတ်ဆိုတာ အဲဒါမျိုးပါ။

ဆရာ တင်မောင်သန်း၏ သခင်နိုင်ငံတော် စာအုပ်ပါ ကျွန်ပညာရေး နှင့် သခင်ပညာရေး ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြသည်။

စာအုပ် အပြည်အစုံ ရယူရန် >> http://www.scribd.com/doc/113030838/တင်မောင်သန်း-သခင်နိုင်ငံတော်

27 Sep 2013

တို့ဗမာ အစည်းအရုံး သမိုင်း စာအုပ်


 တို့ဗမာ အစည်းအရုံး သမိုင်း စာအုပ်

ပ + ဒု နှစ် တွဲပေါင်း ( ၆၄၇ စာမျက်နှာ ) File Size 37 MB

အွန်လိုင်းမှ ဖတ်ရှူရန် >> http://www.scribd.com/doc/171153979/History-of-Dobama-Asiayone-37

စာလုံး ပိုမိုပြတ်သား ထင်ရှားစွာ Print ထုတ်ရန် / Download ရယူရန် -
Link 1>>> http://goo.gl/iDVaqI
Link 2>>> http://goo.gl/EIoIPU


19 Sep 2013

လူမျိုးအမည်က မြန်မာ [ လွတ်လပ်ရေး ကျောက်တိုင် ]

လူမျိုးအမည်က မြန်မာ
============

၁၉၄၈ ခုနှစ် လွတ်လပ်ရေးနေ့  ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် အုတ်မြစ်ချသော

လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်၏ အုတ်မြစ်ချ မော်ကွန်းမိန့်ခွန်း စာသားများတွင်

မွန်၊ မြန်မာ၊ရှမ်း အစရှိသည်ဖြင့် တိုင်းရင်းသားလူမျိုးတစုကိုသာ ကိုယ်စားပြုရေးထိုးထားသည်။



 (ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဒုလပန်းခြံရှိ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်)


ဝန်ကြီးချုပ် ဦးနု ပါလီမန်လွတ်တော် မိန့်ခွန်း စာသားများတွင်လည်း

မွန်၊ မြန်မာ၊ရှမ်း အစရှိသည်ဖြင့် တိုင်းရင်းသားလူမျိုးတစုကိုသာ ကိုယ်စားပြုရေးထိုးထားသည်။


(ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဒုလပန်းခြံရှိ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်)